Wednesday, 11 November 2009

အပြောင်း အရွှေ့ အတွက် ကြုံရသမျှ

ခုထိ အိမ် မပြောင်း ရသေးပါ။ သတိတရ အကြံ ပေးကြတာ အရမ်း ကျေးဇူး တင်ပါတယ်။ ကိုယ့်ဖာသာ နှစ်ယောက်တည်း နေချင်တာနဲ့ အိမ်ပြောင်းဖို့ စိတ်ကူးတာ ဘုမသိ ဘမသိ။ မနုသွဲ့ ပြောတာတွေတော့ အသေအချာ မမေ့အောင် လုပ်ဖို့ စာရင်း တို့ထားတယ်။ စိတ်က ဘယ်လောက်တောင် ပျော့သလဲဆိုတော့ အိမ်သစ်ကို ပြောင်းချင် စိတ် မရှိသလောက် ဖြစ်သွားတယ်။ အိမ်ကို လှည့်ပတ် ပြတော့ အိမ်ရှင်က မီးဖိုချောင်ရော ရေချိုးခန်းပါ ဘယ်လို ပစ္စည်းတွေ ထည့်ထားတဲ့ အကြောင်း ရှင်းပြပါတယ်။ ကျောက်ပြား အစစ် ခင်းထားတာနော် လို့ ပြောလိုက်သေးတယ်။ ကိုယ်ကတော့ ဒါတွေကို လုံးဝ စိတ် မ၀င်စားပါဘူး။ ကျောက်ပြား အစစ် ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ့်တာဝန်က သန့်သန့် ရှင်းရှင်း နေဖို့လို့ပဲ မှတ်ထားပါတယ်။ ရေချိုးခန်းကို လှည့်ပတ်ပြတော့ အိမ်ရှင် မိန်းမက ကြွေခွက်မှာ ပဲ့ရာလေး တခုကို ကိုယ်တို့ အရှေ့မှာပဲ တွေ့သွားတယ်။ တော်ပါသေးရဲ့ မဟုတ်ရင် ကိုယ်လုပ်လို့ ဖြစ်တာဆိုပြီး လျော်ရမှာ။ အိမ်ကို ပြပြီးတာနဲ့ စာချုပ် အကြမ်းကို ဖတ်ဖို့ ပေးလိုက်တယ်။ သူတို့ ဘက်က အကာ အကွယ် ယူထားတာ တွေတော့ တပုံကြီးပဲ။ သိတဲ့လူတွေ ပြကြည့်တော့ အရေးကြီးတဲ့ အချက် ၂ချက် ထောက်ပြ ကြတယ်။ စရံငွေကို တရား မ၀င် ယူလို့ မရတဲ့ အကြောင်း နဲ့ လိုက်ကာတွေ ကော်ဇောတွေကို သန့်ရှင်းရေး ကုမ္ပဏီတွေ အပ်တာ ဈေးကြီးတယ် ဆိုတဲ့ အကြောင်းပါ။ စာချုပ်ထဲမှာ ရေးထားတာက သက်တမ်း ပြည့်လို့ ပြောင်းမယ် ဆိုရင် လိုက်ကာတွေ ကော်ဇောတွေကို သန့်ရှင်းရေး လုပ်ခ ပေးရမယ် လို့ ပါတာကိုး။ ကိုယ်လည်း စိတ်ပျော့တယ် ဆိုပေမယ့် ကိုယ် တက်မနေခင်မှာ ကျော့နေအောင် သန့်ရှင်းရေး လုပ်ထားတဲ့ အရိပ်အရောင် မတွေ့တော့ နဲနဲတော့ စိတ်ညစ်သွားတယ်။ အိမ်ငှား ဘ၀ မလွယ် ပါလား ပေါ့။

အိမ်ရှင်က ကိုယ်တို့ကို တနှစ်ထက် ပိုနေရင် လိုက်ကာနဲ့ ကော်ဇောတွေ အသစ်လဲ ပေးမယ်လို့ ဆိုလာပြန်တယ်။ ၀မ်းသာ အားရနဲ့ ကိုယ်ကလည်း ကျေးဇူး တင်လိုက်တာ ပေါ့။ တနှစ် မက နေဖြစ်မှာပါ အသစ်တွေ လဲ ပေးရင်တော့ အတိုင်းထက် အလွန်ပေါ့ လို့ ပြောမိတာ အမလေး ရင့်ရင့်သီးသီး ပြန်စာ ပို့လာတယ်။ မင်းတို့ကို မီးဖို ရေချိုးခန်း အသစ် ပေးထားတာ တော်လှပြီ ဆိုပဲ။ ဒါတွေပဲ ရမယ်တဲ့။ တကယ် စိတ်ကုန် သွားပြီး ဘာ ဆက်လုပ် ရမယ် မှန်းတောင် မသိဘူး။ စိတ်တွေတော့ လေးတာ အမှန်ပဲ။ စာချုပ် လက်မှတ် ထိုးတဲ့ နေ့ရောက်တော့ အိမ်ရှင်က စပြီး စရံငွေကို သူ မသိမ်းထားဘူး ဆိုတဲ့ အကြောင်း ပြောလာတယ်။ deposit protection service မှာ သိမ်းထားဖို့ အဆိုပြုတော့ ကိုယ်တို့ ဘာမှ ပြောစရာ မလိုတော့ပါဘူး။ လက်မှတ် မထိုးခင် ကိုယ်က သန့်ရှင်းရေး အကြောင်း မေးလိုက်တော့ အိမ်ရှင်က ဘာပြောရမှန်း မသိ ဖြစ်သွားပုံပဲ။ ဘယ်မှာလည်း ပြပါတဲ့။ ကိုယ်တို့လည်း စာချုပ်ကို ဟိုကြည့် ဒီကြည့် ရှာတာ မတွေ့ဘူး။ အလျော့ မပေးချင်တာနဲ့ နှစ်ယောက်သား စေ့စေ့ စပ်စပ် ရှာကြတာ နောက်ဆုံး စာမျက်နှာမှာ သွားတွေ့တယ်။ သူ့အိမ်ကို လှည့်ပတ်ကြည့်တော့ ဘာ သန့်ရှင်းရေးမှ မလုပ်ထားပါဘူး။ ဒါနဲ့ပဲ သူက professional ဆိုတာ ဖြုတ်လိုက်ပါ ဆိုပြီး စာချုပ်မှာ ဖျက်ပစ်လိုက်တယ်။

ခုထိတော့ သော့ မရသေးပါဘူး။ ရာသီဥတု စစ်ကြည့်တော့ ပြောင်းမယ့်နေ့မှာ မိုးသည်းထန်စွာ ရွာမယ်တဲ့။ ဒီကြားထဲ အိမ်ပြောင်းဖို့ ဆောင်ရန် ရှောင်ရန်တွေ အင်တာနက်ထဲ လိုက်ဖတ် ကြည့်နေသေးတယ်။ အယူသည်း လွန်းတာ မဟုတ်ပေမယ့် အမှား အယွင်း မရှိအောင်လို့ပါ။ ဖတ်မိတာ တခုက အိမ် အသစ်ကို မ၀င်ခင် စကားများခြင်း ရန်ဖြစ်ခြင်း စိတ်ဆိုးခြင်း မလုပ်ရ တဲ့။ နောက်ထပ် သိသင့်တာတွေ ရှိရင် ပြောသွားကြပါဦး။

Monday, 2 November 2009

အပြောင်းအရွှေ့

ငယ်ငယ် ကတည်းက အပြောင်း အရွှေ့ဆို သိပ် ဘ၀င် မကျ ချင်ပါဘူး။ နေရာ အသစ်ကို ပြောင်းရမှာ အရမ်း ကြောက်ပါတယ်။ သူငယ်ချင်းတွေနဲ့ ကွဲသွားမှာကို စိုးရိမ်တာက ထိပ်ဆုံးကပေါ့။ နေရာသစ်မှာ ဘာတွေ ရင်ဆိုင် ရမလဲကို တွေးပြီး ကြောက်တာလည်း ပါတယ်။ ကြောက်ကြောက် နဲ့ပဲ စွန့်စားပြီး နိုင်ငံ ရပ်ခြား အထိ ထွက်လာခဲ့တယ်။ မျက်ကန်း တစ္ဆေ မကြောက် ဆိုတဲ့ အတိုင်းပါပဲ။ ကျောင်းပြီးတော့ သူငယ်ချင်းတွေ အသီးသီး တိုးတက်ရာ တိုးတက်ကြောင်း ရှာဖို့ ရေကြည်ရာ မြက်နုရာ ထွက်သွားကြတာ အကြောက်ကြီးတဲ့ ကိုယ်တို့ ကတော့ ကျောင်းတက်တဲ့ ဒီမြို့မှာပဲ ကျန်ရစ်ခဲ့တယ်။ ရောက်ကတည်းက နေတဲ့ အိမ်မှာပဲ ဆက်နေခဲ့တယ်။

ဒီအိမ်မှာ နေရတာ လုံခြုံပါတယ်။ အိမ်ရှင်နဲ့ နေရတာ ဆိုပေမယ့် လူကြီးတွေချည်းပဲမို့ တိတ်တိတ် ဆိတ်ဆိတ် လည်း ရှိပါတယ်။ တနင်္လာကနေ သောကြာအထိ နေ့ဆို အပြင်ထွက်ပြီး ညနေမှ ပြန်လာတာမို့ အိမ်ရှင်တွေနဲ့ သိပ် လည်း စကား မပြောဖြစ်ပါဘူး။ အိမ်လခ ပေးတဲ့ အချိန်လောက်ပဲ ထွေရာလေးပါး ပြောဖြစ်တယ်။ ကိုယ့် မီးဖိုခန်းနဲ့ ကိုယ်မို့ စားချင်တာလည်း ချက်စားလို့ ရတယ်။ တခါတလေ သူတို့ ခရီးသွားရင် တအိမ်လုံးမှာ ကိုယ်တို့ လင်မယား နှစ်ယောက်ထဲ။ အဲ့ဒီလို အချိန်မျိုးဆို ကိုယ်ကတော့ countryside မှာ cottage လေးငှားနေတာလို့ ကြံဖန်ပြီး စိတ်ကူးယဉ်ပါတယ်။ အိမ်ရှင်က သူတို့ ဧည့်ခန်းမှာ အချိန်မရွေး လာထိုင် နိုင်ပါတယ်လို့ ပြောထားပေမယ့် တခါမှ စိတ်လို လက်ရ သွားမထိုင် ဖြစ်ပါဘူး။ အပြင်က ပြန်လာတာနဲ့ မီးဖိုခန်းထဲမှာ ရေ သွားသောက်တယ်၊ ပြီးတာနဲ့ အိပ်ခန်းထဲ တန်းဝင်တာပဲ။ စာဖတ်ချင်ရင် ပိုနွေးတဲ့ မီးဖိုခန်းထဲ သွားထိုင် နေလိုက်တယ်။

ဒီလိုနဲ့ နေလာတာ ၈နှစ် ကျော်သွားပြီ။ ကိုယ်တို့ ပိုင်ဆိုင်တဲ့ အခန်းလေး ထဲမှာ ၈နှစ်ကြာ စုဆောင်းထားတဲ့ ပစ္စည်း တွေလည်း အတော်လေး များနေပြီ။ အိမ် ကလည်း အရင်လို သိပ် မတိတ်ဆိတ် တော့ပါဘူး။ စီးပွားရေး အခြေအနေ အရ အိမ်ရှင် ကလည်း ရရင် ရသလို ဧည့်သည်တွေ လက်ခံ လာပါတယ်။ ဧည့်သည်တွေနဲ့ မတွေ့တာ များပေမယ့် တခါတလေ မှာတော့ စပ်စပ်စုစုနဲ့ ကိုယ်တို့ အခန်းတံခါး လာဖွင့်တတ်တဲ့ ဧည့်သည် တွေနဲ့လည်း တိုးတတ် ပါတယ်။ ပြောင်းရွှေ့ရတာ မကြိုက်ပေမယ့် ကိုယ့်ဖာသာ နေဖို့ အကြောင်းဖန် လာတယ် လို့ပဲ တွေးမိပါတယ်။ စက်တင်ဘာဆို ကျောင်းသားတွေနဲ့ အိမ်တွေက ပြည့်လေ့ ရှိပါတယ်။ မ၀ံ့မရဲနဲ့ပဲ တရက်မှာ အိမ်ငှား အရှာ ထွက်လိုက်တာ မသိသေးတာ တွေလည်း အများကြီး သိလာရတယ်။ no children no pet မို့ အိမ်ရှင်တွေက သဘောကျ မှာပါတဲ့။ တအိမ်ထဲမှာပဲ ၈နှစ်ကျော် နေခဲ့တဲ့ အတွက်လည်း အိမ်ရှင်တွေက နှစ်သက် မှာပါတဲ့။

နှစ်ယောက်တည်း နေဖို့အတွက် ပေးဆပ် ရမှာ တွေကတော့ မနည်း ပါဘူး။ အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ တီဗီလိုင်စင် အင်တာနက်၊ ဖုန်းဖိုး၊ မြူနီစပယ် အခွန် စတဲ့ မြောက်မြား လှစွာသော အပို စရိတ်တွေ ကုန်ရမှာ ဖြစ်ပါတယ်။ ပြောင်းမယ့် နေရာက ဝေးရင် ခရီး စရိတ်က ထောင်းဦးမှာပါ။ လူမျိုးခြားတွေ သိပ်မရှိတဲ့ ရပ်ကွက်မျိုး ဆိုရင်လည်း သတိထား နေရဦးမယ်။ ညဘက် တယောက်တည်း အိမ်ပြန်လာရင် လူတကောင် ကြောင်တမြီးမှ မတွေ့ရတဲ့ နေရာမျိုး ဆိုလည်း ကိုယ့်စိတ်က လုံခြုံမှာ မဟုတ်ဘူး။ ဒါတွေ တွေးပြီး လက်ရှိနေရာမှာပဲ မျက်စိ စုံမှိတ်ပြီး ဆက်နေရ မလား လို့လည်း တွေးမိပါတယ်။ လက်ထပ်ပြီး ၃လ အကြာမှာ အခုနေတဲ့ အိမ်ကို ရောက်တာဆိုတော့ နှစ်ယောက်တည်း အတူ နေခဲ့ဖူးတာ ၃လပဲ ရှိတယ်လို့ ပြောလို့ ရပါတယ်။ လက်ထပ် ပြီးပြီးချင်း နှစ်ယောက်တည်း နေရတဲ့ ၃လမှာ စိတ် ချမ်းချမ်း သာသာ နေရတာ ပြန် သတိရ နေတယ်။ (မချမ်းသာ တာတွေလည်း ရှိပါတယ် နောင်လာနောက်သားတွေ အတွက် နောက်မှ ရေးထားဦးမယ်။) အခုတခါ နှစ်ယောက်တည်း နေရ ပြန်ဦးတော့မယ်။ ဘ၀ခရီးလမ်းက အပြောင်း အရွှေ့အကွေ့ တကွေ့ပေါ့။

Tuesday, 27 October 2009

အင်တာနက် မရှိတဲ့ ၃ပတ်

မှတ်မှတ်ရရ အင်တာနက် မရှိတာ ၃ပတ် နီးပါး ဖြစ်သွားတယ်။ ဘာတွေ ဖြစ်သလဲဆိုတော့ ဘလော့ မလည်ရ တော့ဘူးပေါ့။ ဂူဂယ်မှာ ဘာဘာ ညာညာ ရှာမရဘူးပေါ့။ အွန်လိုင်း တက်တဲ့ သူငယ်ချင်းတွေ နဲ့လည်း မတွေ့ရဘူးပေါ့။ အိမ်က မိသားစုတွေ နဲ့လည်း စကား မပြော ဖြစ်ဘူး။ အိမ်ကနေလည်း အလုပ် မလုပ် ဖြစ်ဘူး။ လယ်ထဲက အပင်တွေလည်း ပျက်စီးကုန်မှာ သေချာတယ်။ စိတ် မထိန်းနိုင်မှာစိုးလို့ သွားတောင် ပြန်မကြည့်ဘူး။ ပြတ်လက်စနဲ့ပဲ ပြတ်ပါစေလေ။ အကြောင်းရင်းမှန်ကို မသိရှာတဲ့ သူငယ်ချင်းတချို့က လေပြင်းတွေ တိုက်လို့လားတဲ့။

အလုပ်ထဲမှာတော့ အီးမေးပဲ ပုံမှန် စစ်ဖြစ်တယ်။ အိမ်ရောက်မှ စိတ်ရှိတိုင်း အင်တာနက်ကို သုံးရတာ ခုမှ တန်ဖိုး သိတော့တယ်။ ကော်ဖီဆိုင်မှာ သူများတွေ အင်တာနက် သုံးနေတာ တွေ့လို့ လွယ်မယ် ထင်တာ မလွယ်ပါဘူး။ ကဒ်ကလေး ၀ယ်ပြီး ခုထိတောင် စာရင်း မသွင်း ရသေးလို့ မသုံး ဖြစ်ဘူး။ အဲ့ဒီ ပိုက်ဆံ ထည့်ထားတဲ့ ကဒ်တွေကလည်း ပိုက်ဆံအိတ် ပျောက်ရင် ပါသွားတော့ ၀ယ်ရတာ ခပ်လန့်လန့်။ ခုတလော ပျောက်တာရော မေ့တာရော အတော်များတယ်။ ဇရာက အရိပ်ပြနေတယ် ထင်ပါ့။

ဘလော့ရွာက သူငယ်ချင်း တွေကိုတော့ နေ့တိုင်း လွမ်းတယ်။ ဘယ်သူတွေ ဘာအသစ်တွေ ရေးထား ပြီလဲ လို့ပေါ့။ အတိုးချပြီး အခုမှ တ၀ ဖတ်ရမယ်။ အင်တာနက် မရှိတော့ အချိန်တွေ ပိုသလား မမေးပါနဲ့။ တီဗီ စီးရီး တခု နှစ်ခု လောက်တောင် ပုံမှန် ကြည့်ဖြစ်တယ်။ စာအုပ်လည်း ဖတ်ဖြစ်တယ်။ အိမ်က တယောက်နဲ့လည်း ပို စကားများဖြစ်တယ်။ အင်တာနက် ရှိရင် ကိုယ့်အာရုံနဲ့ ကိုယ် ငြိမ်နေကြတာလေ။ အိမ်မှာ အလုပ်တွေ ယူမလုပ် ဖြစ်တော့ ခေါင်းကိုက် သက်သာ သွားသလိုပဲ။

အမှတ်တရပေါ့...