Friday, 27 March 2009

ဘလော့ရွာက မိတ်ဆွေများ (၂)

ကိုဇနိတို့ စုံတွဲနဲ့လည်း ခင်သွားရော လည်စရာ စီဘုံး တခု တိုးလာတယ်။ သူတို့ကို ခင်တဲ့သူကလည်း အတော်များတော့ သွားရင်း မိတ်ဆွေသစ်တွေ တိုးလာတာ လင်း၊ ပေါက်၊ မေမိုး၊ မသိင်္ဂီ တို့နဲ့ စီဘုံးမှာ ထပ်တွေ့ပြန်တယ်။ ပြီးတော့ သူတို့ ဘလော့တွေကို သွားကြည့်ရင်း စိတ်ထဲမှာ ခင်မင်ပြီးသား သူတွေလိုပဲ။ အိမ်ပြောင်းတဲ့ အကြောင်း၊ နေမကောင်းတဲ့ အကြောင်း ဖတ်ရလျှင် သတင်း မေးရသေးတယ်။ မတွေ့တာ ကြာလို့ ပို့စ်အသစ် မတက် ပြန်လျှင်လည်း ဟိုတွေး ဒီတွေး လုပ်သေးတာ။ ချန်းချန်း နဲ့ စည်းကမ်းကြီးတဲ့ သူ့မေမေ အကြောင်း ဖတ်ရတာ အားကျ ကျေနပ်စရာ။ မသိင်္ဂီရဲ့ တနေ့တာကို ဖတ်ပြီး သူနဲ့ အတူ လိုက်မော လိုက်တယ်။ ရန်ကုန်ပြန်လို့ feel မှာ ထမင်းသွားစားရင် မသိင်္ဂီတို့ မိသားစုကို တွေ့နိုင်မယ်လို့ မှန်းထားပါတယ်။ အုန်းထမင်းနဲ့ ကြက်သားဟင်း ချက်ပြီး တင်တော့ အားပေးကြတဲ့ သူတွေ များလို့ ဒါလည်း ခင်မင်ခြင်းရဲ့ သင်္ကေတ တခုပဲလို့ တွေးမိတယ်။ အစားအသောက် တခုခု လုပ်စားတိုင်း ချစ်သူ ခင်သူတွေကို သတိ ရတတ်ကြတာကိုး။ ချက်တဲ့သူ ကလည်း စားကောင်း သူတွေများလျှင် ပီတိ ဖြစ်ရတာ။ ကိုစေးထူးက လာမန့်တော့ ဒါသူ့ရဲ့ အကြိုက်ဆုံး ဟင်းထဲက တခု ဖြစ်မှာပဲလို့ ကိုယ့်ဘာသာ ကောက်ချက်ချ နေတယ်။ နေနေ့ဘလော့မှာ အစားအသောက် ပို့စ်တွေ တွေ့လျှင် စင်ကာပူမှာ နေချင်လိုက်တာလို့ အတွေးဝင်တယ်။ အရမ်းစားနိုင်တဲ့ နေနေ့ကို ၀နေဦးမယ်လို့ ကော်မန့် သွားရေးပြီးမှ စိတ်ဆိုးမလားမသိဘူးလို့ တွေးပြီး ပူနေတယ်။

ရေးဟန်တွေ မျိုးစုံနဲ့ အသက်ဝင်လွန်းတဲ့ မခင်လေးတို့ဆီ ရောက်သွားတော့ သူတို့ အိမ်ထဲမှာ ရှိနေသလိုပဲ။ ကိုရင်နော်ကို အရပ်ရှည်ရှည် အကိုကြီး၊ မခင်လေးကို မကြိုက်လျှင် မကြိုက်ဘူး ပြတ်ပြတ် သားသား ပြောတတ်တဲ့ အမလို့ ပုံဖော် ကြည့်လိုက်တယ်။ မချိုက ၀ိုင်အကြောင်း ရေးတော့ ၀ိုင်မကြိုက်တဲ့ စိတ်ကနေ သောက်ကြည့်ချင်စိတ် ပေါက်လာတယ်။ စကားပြောလိုက် ၀ိုင်သောက်လိုက်နဲ့ စိတ်ကူးယဉ်ကြည့်တာ။ ကိုအောင်သာငယ် ဘလော့ကို သွားရင်း မမသီရိ ကို သိခွင့် ရလာတယ်။ တခါတလေ ကော်မန့်အပြင် မေးခွန်းလေးတွေ ထားခဲ့တဲ့အခါ အပြင်မှာ စကား လက်ဆုံ ကျချင်တယ်။ မမိုးချိုသင်းက မမသက်ဝေ လို့ခေါ်တာ ကြားနေတော့ သွားလည်စရာ နောက်အမ တယောက် တိုးပြန်တယ်။ ပန်းလေးသုံးပွင့် အကြောင်း ရေးထားတာများ စင်ကာပူက ဘလော့ဂါ တော်တော် များများ ကို သူသိနေပုံပဲ။ မခင်ဦးမေကို သိတာ သူတယောက်ပဲ ရှိမယ်ထင်တယ်။

ကိုယ်ရေးချင်ရာ ရေးထားတာတွေကို ပထမဆုံး ကော်မန့်လာပေးတာ ရွှန်းမီပါ။ စုံစီနဖာ ဆိုတဲ့ သူ့ဘလော့ကို သဘောကျလို့ သွားကြည့်ရင်း စိတ်ကူးထဲမှာ သိနေတာ ကြာပါပြီ။ တရက်တော့ ကိုနိတို့ စီဘုံးမှာ ထုံအဖွဲ့သား စုဆောင်းရေး လုပ်နေတာနဲ့ တိုးတယ်။ တယောက်က မီထုံ က ဘယ်သူလဲ ရွှန်းမီလား ဆိုတော့ ကိုယ်က အသာလေး ငြိမ်နေတယ်။ ဒါပေမယ့် အတွင်းသိ တယောက်က ရွှန်းမီက မထုံဘူးတဲ့။ အော် လူတွေကလည်း မှားတတ်ပလေ။ လင့်တွေကတဆင့် အမြဲသွားဖတ်ဖြစ်နေတဲ့ မသီတာ၊ မတန်ခူး၊ မနော်၊ မကေ၊ မ၀ါ၊ မပန်နဲ့ မယုဝရီ တို့ကိုလည်း ကိုယ့်စိတ်ကူးထဲ ပုံဖော် ကြည့်ထားတာ တမျိုးစီ။ မ၀ါက ဓါတ်ပုံနဲ့ တကွ ဖော်ပြထားတော့ သိပြီးသား။ မမြင်ဖူးသေးတဲ့ အမတွေကိုတော့ တယောက်ယောက်နဲ့ ဆက်စပ်ပြီးတော့ သိနေမှာပဲလို့၊ သူတို့ ရေးတဲ့စာတွေကို ဖတ်ပြီး စိတ်ကူးကြည့်တာလေ။ မကေက အစုံရေးတော့ တခါတလေ မျက်စိလည်တယ်။ ဆာလံကျမ်းတို့ daily bread စာအုပ် အနားမှာရှိတယ် ဆိုတော့ ခရစ်ယာန်ပဲ ဖြစ်ရမယ်လို့ တွေးနေတုန်း သမ္ဗုဒေ သူ့မေမေက အမြဲ ရွတ်ပြ ခိုင်းတယ်ဆိုတော့ မှားတဲ့ အခါလည်း မှားပေမပေါ့ လို့။ ဘလော့တွေ လည်ရင်း အပြင်မှာလည်း စာတွေရေးတဲ့ စာရေးဆရာမတွေနဲ့ သိရတာ ကိုယ့်ကံကို မယုံနိုင်ဘူး၊ အံ့သြနေတုန်းပဲ။ မဂ္ဂဇင်းတွေ ထဲမှာပဲ ဓါတ်ပုံမြင်ဖူး သူတို့အကြောင်း ဖတ်ဖူးထားတာ အခုတော့ အီးမေး ပို့လို့ရတယ်၊ ကော်မန့်တွေ သွားထားလို့ရတယ်၊ ကိုယ့်ဆီ စာပြန်လာတယ်။ ဘလော့ရွာထဲမှာသာ မဟုတ်လျှင် စာရေးဆရာ/မတွေနဲ့ ဒီလို ရင်းနှီးမှုရဖို့ ခဲယဉ်းမှာ။

mrdba ရဲ့ စင်ကာပူက အဖြစ်အပျက်လေးတွေ ဖတ်ရတာ ကြိုက်လို့ ပို့စ်အသစ်လာတိုင်း သွားဖတ်တယ်။ ksanchaung ကိုတော့ စမ်းချောင်းအစွဲရယ် သူငယ်ချင်းတယောက်ရဲ့ သူငယ်ချင်း ဖြစ်နိုင်တယ်ဆိုပြီး အတင်း ဆက်စပ် လိုက်တယ်။ ZT ရဲ့ တန်းပလိတ်က အလျင်က ကိုယ့်တန်းပလိတ်နဲ့ တူတူပဲမို့လို့ သဘောကျပြီး သွားလည်ရင်း အခုတော့ ပို့စ်အသစ် တက်တိုင်း ရောက်ဖြစ်တယ်။ ကရေတွန်ဆီ ရောက်တော့ ဒီကလေး မြန်မာစာ အမှတ် ၁၀၀ နဲ့အောင်ထားတာပဲ ဖြစ်ရမယ်လို့ မှတ်ချက် ချလိုက်တယ်။ မောင်အိမ်၊ သက်ပိုင်သူနဲ့ ရွာသားလေးတို့ ဆီလည်း သွားလည်ရင်း မိတ်ဖွဲ့လာခဲ့သေးတယ်။ ဂျွန်ဝမ်းကို ဘယ်လို ခေါ်ရမလဲတော့ ခုထိ မသိသေးဘူး၊ ဒါနဲ့ပဲ ညီမ လို့ခေါ်ပြီး မိတ်ဖွဲ့ထားလိုက်တယ်။ မေအောင်၊ နုစံ၊ မြရွက်ဝေ၊ ပုံရိပ်၊ နတ်သမီးလေးမွန်၊ ရွှေဂျမ်း၊ နွေးနေခြည် တို့ကလည်း မကြာခင်ကမှ သိရတဲ့ ညီမလေးတွေပါ။ သူတို့ ဆယ်တန်း အောင်တဲ့ နှစ်တွေ ရေးထားတာတွေ့ပြီး ခေါင်းနပန်းကြီးသွားတယ်။

စိတ်ကူးယဉ်တာတွေ များသွားလို့ တော်သေးပြီနော်။ အလုပ် ဆက်လုပ်လိုက်ပါဦးမယ်။

Saturday, 21 March 2009

ဘလော့ရွာက မိတ်ဆွေများ (၁)

ဘလော့ရွာထဲမှာ သိရ ခင်ရ တဲ့ သူတွေက ကျွန်မ အတွေးထဲ မကြာခဏ ဆိုသလို ၀င်လာတတ် ပါတယ်။ ဒီအကြောင်း ပို့စ်တခုတော့ ရေးဦးမယ်လို့ စဉ်းစားရင်း ပို့စ် အသစ်တင်ဖို့ ပြင်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ၁၀၀ ခုမြောက်ဖြစ်နေတယ်။ အမှတ်တရ ပေါ့နော်။

အပြင်လောက က သူငယ်ချင်း တော်တော် များများနဲ့ အဆက်ပြတ်နေတဲ့ အချိန်မှာ ဘလော့ ရွာကြီးကို ရှာဖွေ တွေ့ရှိခဲ့တာ။ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပဲ ဖတ်စရာ မှတ်စရာ ကြည့်စရာ မြင်စရာတွေ စုံလင်လှတဲ့ ဘလော့ပေါင်း များစွာကို တခုပြီးတခု လျှောက်လည် တော့တာပဲ။ သတင်း ဘလော့တွေကနေ စလိုက်တာ နောက်တော့ တွေ့သမျှ လင့်ကို နှိပ်ပြီး တွေ့တာ ဖတ်တော့တာပဲ။ (ဒါပေမယ့် ဆင်ဆင်နဲ့ မခင်ဦးမေကိုတော့ မမီပါ) မိုးလင်းတာနဲ့ ကွန်ပြူတာဖွင့်ပြီး ဘလော့တွေ ဖတ်ရတာ တကယ့် စည်းစိမ်။ ကိုနဗနရဲ့ ဘလော့ကို တွေ့တာ ဆောင်းတွင်း အချိန်။ ချမ်းချမ်းစီးစီးနဲ့ အိပ်ရာက နိုးတာနဲ့ ထဖတ်၊ ပြီးတော့ ကိုယ့်ဘာသာရီတာ အားမရဘဲ အိပ်နေတဲ့ ယောကျာ်းကိုပါ ပြောပြပြီး ထပ်ရီသေးတယ်။ သူက ကိုယ့်လို မရီဘဲ ပြောပြတာကို ပြုံးပဲ ပြုံးရင် စိတ် သိပ်မကျေနပ်ချင်ဘဲ နောက်တခေါက် ရေးထားတဲ့ အတိုင်း ဖတ်ပြလိုက်တယ်။

လင့်တွေ အများကြီး ရှိတဲ့ khin00may77 ကတဆင့် လည်စရာ ဘလော့တွေ အများကြီး ထပ်တွေ့ပြန်တယ်။ တချို့ ဘလော့ ပိုင်ရှင်တွေက ကိုယ်နဲ့ သိတဲ့သူတွေ ဖြစ်နေတယ်။ ပြန်တွေ့ချင်နေတဲ့ သူငယ်ချင်း တယောက်ကို သူ့ဘလော့မှာ ဓါတ်ပုံနဲ့တကွ ပြန်တွေ့ရတယ်။ မိုးချိုသင်း လို့လည်း တွေ့တော့ ကဗျာဆရာ ဦးတင်မိုး သမီး ပဲဆိုပြီး အမြဲ သွားလည်တယ်။ လင့်တွေက တဆင့်ပဲ မခင်မင်းဇော်ရဲ့ ဘ၀ဒိုင်ယာရီများကို ဖတ်ပြီး ငိုရတယ်။ ဆရာမ မေငြိမ်းရဲ့ စာတွေ တွေ့တော့ မဖတ်ရသေးတဲ့ ၀တ္ထုတွေပါ တပုံကြီး ဖတ်ရတယ်။ ဆရာမကို ဆရာ မခက်မာမှာ ဘလော့ ရှိလား လို့် မေးမိတယ်။ သားထံမှ သင်ယူခြင်း ၀တ္ထုတွေ စွဲခဲ့ဖူးတယ်လေ။ ပြီးတော့ သူငယ်ချင်းတွေကိုပါ ဘလော့ လိပ်စာတွေ လက်ဆင့်ကမ်းလိုက်တယ်။ ရန်ကုန်ပြန်တိုင်း စာအုပ်တွေကို စိတ်တိုင်းကျ သယ်ဖို့ အခွင့် မရတာမို့ ဒီလို အခွင့်ထူးမျိုး ရတော့ ပျော်တာပေါ့။ wesheme ဘလော့ကို ရောက်တော့ ဖတ်စရာ မှတ်စရာ တွေစုံတဲ့အပြင် သူတို့ အကြောင်းတွေ ဓါတ်ပုံတွေကိုပါ ဝေေ၀ဆာဆာ တွေ့ပြီး အားကျမိတယ်။

အားအားရှိ မခင်ဦးမေ ဘလော့ကိုသွားနေလို့ ယောကျာ်းက မင်းတော့ ခင်ဦးမေကို စွဲလမ်းနေပြီလို့ ညည်းတယ်။ ပို့စ်အသစ်မရှိလည်း စီဘုံးမှာ ရစ်သီရစ်သီ သွားလုပ်တယ်။ စီဘုံးမှာပဲ မွန်နဲ့ မနုသွဲ့ကိုတွေ့တာ။ မနုသွဲ့က ကိုယ်နဲ့ တနိုင်ငံထဲဆိုတော့ ပျော်ပြီး သူ့ကို လိပ်စာ မေးတော့တာပဲ။ မွန့်ကိုကျတော့ လာလည်ဖြစ်ရင် အိမ်မှာ တည်းပါလို့ ခေါ်လိုက်တယ်။ ယောကျာ်းကို ပြောပြတော့ ဟင် သိလို့လားတဲ့။ နောက်ရက်ကျတော့ နိနိနဲ့ တွေ့ပြန်ရော။ သူ စကားပြောတာက ယဉ်ကျေးပြီး ချစ်စရာ။ ဒါနဲ့ သူ့စာတွေပါဖတ်၊ သူနဲ့နွယ်ပြီး ကိုဇနိကြီးကိုပါ တွဲသိသွားရော။ စမ်းတ၀ါးဝါး ဟိုကြည့် ဒီကြည့် လုပ်ရင်း ရထားတဲ့ ကိုယ့်ဘလော့ အတွက် ဘလော့ပိုင်း ဆိုင်ရာ ဒုက္ခတွေ ဖြေရှင်းပေးဖို့ ကယ်တင်ရှင်ကြီး တယောက် ဘုရားက ဆုချ လိုက်သလိုပဲ။ စာခေါက်နည်း၊ မြန်မာစာ ပေါ်အောင်လုပ်နည်း၊ ဖိုင်တင်နည်း ၊ ခမျာ စိတ်ရှည်ရှည်နဲ့ ပြောပြရှာတယ်။ တွေ့ပြီး မကြာခင်မှာပဲ ကိုဘက ထုံအဖွဲ့ထဲ ထည့်လိုက်လို့ ပညတ်သွားရာ ဓါတ်သက်ပါပြီး ကိုယ်လည်း ပညာသစ်တွေ သင်ဖို့ လက်လျှော့ လိုက်ပါတယ်။ ကိုဇနိကို အားနာတာလည်း ပါတာပေါ့လေ။

(ဆက်ရေးလိုက်ဦးမယ်)

Tuesday, 17 March 2009

ကိုယ့်အကြောင်း အကောင်း

ဒီနေ့ ရလာတဲ့ အတွေးတခုပါ။ ဆရာ တချို့ကို မင်းတို့ ကောင်းကြောင်း ပြောပါဦး လို့မေးတာ ကိုယ့်ကို ကြောင်ပြီး ကြည့်ကြတယ်။ ဒါဆို ကျောင်းသားတွေရဲ့ တိုးတက်မှု အကြောင်း ပြောပါဦး ဆိုတော့ တခုပြီး တခု တယောက်ပြီး တယောက် ပြောလိုက်ကြတာ ရပြီလို့ ပြောယူရတယ်။ ကိုယ့်ကောင်းကြောင်း ကိုယ် ပြန်ပြော ရတာ ရီစရာကြီး၊ မသင့်လျော်ဘူး၊ မကြားကောင်းဘူး စသဖြင့် ထင်မြင် ယူဆ ထားကြတာ လူမျိုးတိုင်း ယဉ်ကျေးမှုတိုင်း မှာ ပဲ လားတောင် မသိပါ။ ကျွန်တော်က စည်းကမ်း အရမ်းရှိတယ်၊ ကျွန်မက ဒီဘာသာရပ်မှာ ကျွမ်းကျင်တယ်၊ ကျုပ်ကတော့ အ၀တ်အစား သန့်သန့် ပြန့်ပြန့် ၀တ်တယ်၊ ကိုယ်က ပေါင်းသင်း ဆက်ဆံရေး တော်တယ် လို့ ကိုယ့်အကြောင်း ကိုယ့်ဘာသာ အမွှန်း တင်ပြီး ပြောတဲ့သူမျိုး ရှိတော့ ရှိတယ် ရှားပါတယ်။ အဲ့သလို ပြောတာ ကြားလျှင်လည်း ဘာကြီးလဲဟ လို့ မျက်ခုံး ပင့်တတ်ကြပါသေးတယ်။

ကိုယ့်အကြောင်း အကောင်း မပြောနိုင်တဲ့ သူတွေထဲမှာ ကိုယ်လည်း ပါပါတယ်။ ချက်ချင်း ပြောလို့ မထွက်တာရယ်၊ ဘယ်တခုကို အကောင်းဆုံးလို့ ယူပြီး ပြောဖို့ စဉ်းစားနေတာရယ်၊ လူတွေ ဘယ်လို ထင်မှာလဲလို့ တွေးပြီး ကြောက်နေတာနဲ့ပဲ ကိုယ့်အကြောင်း အကောင်းပြောဖို့ ထွက်မလာပါဘူး။ ကိုယ့်ဘာသာတောင် အကောင်း ပြန်မပြောနိုင်တာ ကိုယ့်ပတ်ဝန်းကျင်ကို အကောင်း ဘယ်လိုမြင်နိုင်မှာလဲလို့ မေးခွန်း ထုတ်နေမိတယ်။ ကိုယ့်အနားက လူတွေကိုရော အကောင်း မြင်တတ်အောင် ဘယ်လို ဆွဲဆောင် နိုင်မှာလဲ။ လူဆိုတာက သိုးတွေလိုပဲ တယောက်လုပ်လျှင် နောက်ကလိုက်တတ်တဲ့ အမျိုးဆိုပဲ။ သူများ အကြောင်း အကောင်း ပြောနိုင်ဖို့ အကောင်း ပြောတတ်ဖို့ ကိုယ့်အကြောင်း အကောင်း ပြောတာက စရမယ် ထင်ပါတယ်။ ရှုပ်သွားပြီထင်တယ်။

မင်း အင်္ကျီလေးက လှလိုက်တာ လို့ ပြောလာလျှင် ကျေးဇူးတင်ပါတယ် လို့ ချီးမွမ်းတာကို ပြုံးပြုံးလေး ခံနေမယ့်အစား အို ဒါသိပ်ဈေးမကြီးပါဘူး ဈေးချတုန်းက ၀ယ်ထားတာပါ နံမည်လည်း မရှိပါဘူး ဆိုပြီး ဘယ်သူမှ မမေးဘဲ အရှည်ကြီးတွေ ရှင်းပြတတ်တယ်။ မင်း ဘ၀မှာ တိုးတက်မှုတွေ အများကြီး ရနေတာပဲ ဆိုလျှင်လည်း ငါက သာမန်လူပါ ငါ့မှာ အိမ်မရှိ ကားမရှိ ခရီးရက်ရှည် မထွက်နိုင် လိုချင်တာတွေ မ၀ယ်နိုင် ဆိုပြီး အဆိုးတွေကိုပဲ တသီတတန်းကြီး ပြောချတတ်ပါသေးတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကူးစက်ရောဂါ ရသလို တယောက် ကောင်းကြောင်း တယောက် ဆက်တိုက် ပြောနိုင်ဖို့ ကိုယ်တို့ အားလုံး ကိုယ့်ကောင်းကြောင်း ကိုယ် ပြောနိုင်ဖို့ အရင် ကြိုးစားရဦးမှာပါ။ ကဲ ကိုယ့် ကောင်းကြောင်း ကိုယ် ပြောကြည့်ကြ ရအောင်နော်။