Wednesday, 29 July 2009

ဘ၀တကွေ့မှာ

မှတ်မိသလောက် ပြန်စဉ်းစားကြည့်လိုက်တော့ သူငယ်ချင်း တချို့က ရွယ်တူ တချို့က ကိုယ်ထက် အသက်ကြီးသူတွေ၊ ကိုယ့်ကို သွေးသား အရင်းအချာလို ချစ်တဲ့ မိတ်ဆွေတွေနဲ့ ကိုယ့် အကျိုးကို လိုလားတဲ့ မိတ်ဆွေတွေ အများကြီး ဘ၀ ခရီး တလျှောက် တွေ့ခဲ့ရတာ။ တော်တော် များများ ကိုတော့ နံမည်၊ နေရာနဲ့ အကြောင်းအရာတွေပါ ကောင်းကောင်း မှတ်မိနေတယ်။ တချို့ကိုတော့ ၀ါးတားတား၊ တချို့ကျပြန်တော့ နံမည်တောင် မမှတ်မိတော့ဘူး။ ကိုယ့် ဘာသာလည်း ဘ၀င်မကျဘူး။ တကယ်ဆို ဘ၀မှာ ခင်မင် ရင်းနှီး ခဲ့သူတွေကို ဘာလို့ အကုန် မမှတ်မိ နိုင်တာလဲ။ ဒါနဲ့ပဲ စာအုပ်လေး တအုပ်ကို စလိုက်တာ။ ဘ၀ တကွေ့မှာ သိခွင့် ရခဲ့သူတွေ အားလုံးကို မှတ်မိ နေချင်တယ်။ တနေ့ကျ (မှတ်ဥာဏ်တွေ မကောင်းတော့တဲ့ အချိန်) ဒီစာအုပ်လေး ဖွင့်ပြီး ပြန်ဖတ်ဖို့ပေါ့။

စင်ကာပူကို ပထမဆုံး သွားတော့ လေယာဉ်ပေါ်မှာ မူးနောက်နေတဲ့ ကိုယ့်ကို အနားမှာ ထိုင်တဲ့ အမကြီး တယောက်က ခရီးစဉ် အဆုံး အထိ စောင့်ရှောက်ခဲ့တယ်။ လေယာဉ်ကွင်းကနေ ကွဲသွားလိုက်တာ နောက်မှ တရပ်ကွက်ထဲ ပြန်တွေ့ကြတော့ ပျော်လိုက်တာ။ နေရာ အသစ်မှာ ဆိုတော့ အမ တယောက် ကောက်ရလိုက် သလိုပဲ။ ၀မ်းနည်း စရာက အခု သူ့နံမည်ကို အစဖေါ်လို့ မရတော့ဘူး။ သူဘယ်မှာလဲ မသိတော့ဘူး။

မြန်မာ ဆရာဝန် အမကြီး တယောက် နဲ့လည်း ကျောင်းတက်ရင်း ခင်မင်ခဲ့ရဖူးတယ်။ ကျောင်းပြီးတော့ အဆက်အသွယ် မရှိတော့ဘူး။ အဲ့ဒီ အချိန်တုန်းက သူ့ အမျိုးသားက သင်္ဘောတက်နေတုန်း သူက နေခွင့် ရအောင် ကွန်ပြူတာ ကျောင်းတက်ပြီး စင်ကာပူမှာ သူတို့ နှစ်ယောက် တွေ့ရတယ်။ တက်ညီ လက်ညီ ကြိုးစားကြတဲ့ သူတို့ နှစ်ယောက် အခြေအနေ အမျိုးမျိုးကြောင့် အဲ့ဒီ အချိန်ကတော့ ကလေးယူဖို့ မစဉ်းစားနိုင်ခဲ့ဘူး။ ကံကောင်းရင်တော့ ကလေး တပြုံကြီးနဲ့ တမိသားစုလုံးကို ပြန်တွေ့ချင်သေးတယ်။ ငယ်ငယ်က ဆံပင်ညှပ်ပေးတဲ့ အမကြီးကို ရန်ကုန်ပြန်ရင် တွေ့မလားလို့ ရှာမိတယ်။ မတွေ့ဘူး။ သူ့ကို အိမ်နံမည်နဲ့ပဲ သိတော့လည်း ဘယ်လို သွားရှာမလဲ။ အားတိုင်း ဆံပင်ကို ပုံစံ အမျိုးမျိုး ပြောင်းချင်တိုင်း စိတ်ရှည် လက်ရှည် ညှပ်ပေးတတ်တဲ့ သူ့ကို ဒီမှာ ဆံပင်ညှပ်တာ စိတ်တိုင်း မကျတိုင်း အရမ်း ကျေးဇူးတင်ပြီး သတိရတယ်။

မှတ်မိသလောက် စာအုပ်လေးထဲ ချရေးထားတာ တော်တော် လေးတောင် များနေပြီ။ ခင်မင် သိကျွမ်းခဲ့တဲ့ သူတွေထဲမှာ တချို့လည်း လောကကြီးထဲ မရှိကြတော့ဘူး။ ကိုယ့်အတွက် မြန်မာ အင်္ကျီလေးတွေ စိတ်ရှည်လက်ရှည် ချုပ်ပေးတဲ့ အန်တီ တယောက် နဲ့လည်း ခင်မင် ခဲ့ရဖူးတယ်။ သူ့ အမျိုးသားက နံမည်ကြီး ဒီဇိုင်နာပေမယ့် ဟိတ်ဟန် မရှိတဲ့ အန်တီနဲ့ ကိုယ်ကတော့ မိတ်ဆွေတွေလို ဖြစ်သွားကြတယ်။ ကိုယ် မင်္ဂလာမဆောင်ခင် အမျိုးသားနဲ့ အန်တီ့ကို မိတ်ဆက်ပေးဖို့ သွားတွေ့တာ နောက်ဆုံးပဲ။ သေချာတာ တခုကတော့ သူတို့အားလုံး ကိုယ့်ဘ၀မှာ တစိတ် တဒေသ အရေးပါခဲ့တဲ့ သူတွေချည်းပဲ။ စိတ်အားဖြင့် လည်းကောင်း လူအားဖြင့် လည်းကောင်း ကိုယ့်အတွက် ကူညီဖေးမ ခဲ့ကြတယ်။ အခွင့်ရရင် အားလုံးနဲ့ ပြန်တွေ့ ချင်သေးတယ်။ အဲ့ဒီနေ့ မရောက် မချင်းတော့ တွေ့ဆုံ သိကျွမ်း ခွင့်ရတဲ့သူတွေကို စာအုပ်လေးထဲမှာပဲ မကြာမကြာ သွားတွေ့နေမိတယ်။

Monday, 27 July 2009

ဘုရားကျောင်း

ဒီမြို့လေးကိုရောက်တော့ အနီးနား တ၀ိုက်မှာ ဘုရားကျောင်း တက်ဖို့ လိုက်ရှာတယ်။ သူငယ်ချင်းက ညွှန်လို့ ဒရမ်တွေ တီးပြီး ၀တ်ပြု ကိုးကွယ်ခြင်း အစီအစဉ် လုပ်တဲ့ ဘုရားကျောင်းကို ရောက်သွားတယ်။ ငယ်ငယ်ထဲက လက်အုပ်ချီ မျက်စိမှိတ်ပြီး တိတ်တိတ်လေး ဆုတောင်းစာတွေ ရွတ်ရတဲ့ အလေ့အထနဲ့ မတူတာနဲ့ပဲ ဘုရားရှိခိုး ရတာ အားမရဘူးဆိုပြီး နောက် ဘုရားကျောင်း တခု တွေ့လိုတွေ့ငြား လမ်းလျှောက် ထွက်တိုင်း လိုက်ကြည့်မိတယ်။ တနှစ်ကြာတော့ နှစ်သစ်ကူးည ဆုတောင်းပွဲတွေ လိုက်ရှာရင်း ကိုယ့်အိမ်နဲ့ နီးတဲ့ ဘုရားကျောင်း တကျောင်း သွားတွေ့တယ်။ အဲ့ဒီ ညကစပြီး ဒီဘုရားကျောင်း ကိုပဲ စွဲစွဲမြဲမြဲ တက်ဖြစ်သွားတာပါပဲ။ ဘုန်းကြီး အပါအ၀င် ဘုရားကျောင်း တက်သူပေါင်း ၂၀အောက်ပဲ ရှိပါတယ်။ အဘိုး အဘွား အရွယ်တွေ များပါတယ်။ သီချင်းဆိုတဲ့ အဖွဲ့ထဲမှာတော့ ကျောင်းသားတွေ ရံဖန်ရံခါ ပါတတ်တယ်။

အဲ့ဒီ ဘုရားကျောင်းမှာက အလှူငွေကို ရန်ကုန်မှာလို အိတ်တွေနဲ့ လိုက်မခံဘူး။ ဗန်းကလေး တခု အ၀င်ဝက စားပွဲပေါ်မှာ တင်ထားတယ်။ တနေ့တော့ အဘွား တယောက်က လာမေးတယ်။ ပုံမှန် အလှူငွေ ထည့်ဖို့ စာအိတ် ယူမလားတဲ့။ ဘုရားကျောင်း အတွက် အကျိုးပို ရှိစေတဲ့ အကြောင်းလည်း ပြောပြတယ်။ gift aid လို့ခေါ်ပါတယ်။ ကိုယ်က ၁ကျပ် လှူရင် ဘုရားကျောင်းက အစိုးရဆီက ၂၈ပြား ရလို့ စုစုပေါင်း ရတဲ့ အလှူငွေက ၁ကျပ် ၂၈ပြား ဖြစ်သွားပါတယ်။ လှူတဲ့သူက အခွန် ပေးဆောင်နေတဲ့သူ ဖြစ်ရပါမယ်။ (အမြတ်အစွန်း မယူတဲ့ ဘယ် အဖွဲ့အစည်း ကိုမဆို လှူရင် gift aid form ဖြည့်ပေးလိုက်ရုံနဲ့ ကိုယ့်အလှူရဲ့ ၂၈%ကို သူတို့ အပိုရတာမို့ အချိန် ၁မိနစ်လောက် အကုန်ခံပြီး form ကိုဖြည့်ပါတယ်။ )

တနေ့တော့ ဘုန်းကြီး တရားဟောတဲ့ အထဲမှာ ဘုရားကျောင်းကို ကိုယ့်ဝင်ငွေရဲ့ ၅% လှူဖို့ ပါတယ်။ ကိုယ့်အတွက်တော့ တွေးစရာ တခု ရသွားတယ်။ အလှူငွေဆိုပြီး ဘယ်ရွေ့ ဘယ်မျှ လို့ ဘာကြောင့် ပြောရတာလဲပေါ့။ ရန်ကုန်မှာတုန်းက အသင်းသားတွေဟာ အကြောင်း တခုမဟုတ် တခုပြပြီး ဘုရားကျောင်းကို ကျေးဇူးတော် ချီးမွမ်းဖို့ လှူကြပါတယ်။ ဥပမာ တိုင်ကပ်နာရီတွေ လှူကြလွန်းလို့ ဘယ်နား ကြည့်ကြည့် နာရီတွေချည်းပဲ။ မွေးနေ့အတွက် ပန်း ဖယောင်းတိုင် လှူတဲ့သူ မုန့်နဲ့ စပျစ်ရည် လှူတဲ့သူ အစရှိသဖြင့် လှူကြတာ ကိုယ့်အလှည့် ရောက်ဖို့ မနဲ စောင့်ရတာမျိုးပါ။ ဘုရားကျောင်း ပြင်ဆင် မွမ်းမံဖို့ အလှူခံရင်လည်း ဘယ်လောက် ကုန်ကျမယ်လို့ပဲ ပြောတာ ကြားရပြီး တယောက် ဘယ်လောက် ထည့်ပါလို့တော့ ပြောလေ့ မရှိပါဘူး။ သူတို့ ဓလေ့နဲ့ ကိုယ့်ဓလေ့ ကွာတာနော်။

တလောကတော့ သတင်းစာထဲမှာ ဒီလို ပါလာတယ်။ ဘုရားကျောင်း သွားတယ် ဆိုတာ တခြားသူတွေနဲ့ အတူ ဘုရားရှိခိုးဖို့ပါ။ မိတ်ဆွေ အသစ်တွေနဲ့ မိတ်ဖွဲ့ရတာ၊ အချင်းချင်း အားပေးကြတာ၊ အကူအညီ လိုရင် တောင်းရတာ စသဖြင့် လူမှု ဆက်ဆံရေး အတွက်လည်း အရေးပါ ပါတယ်။ နေရာ အသစ်ကို ရောက်လာတဲ့ သူတွေ မိသားစုနဲ့ ဝေးနေသူတွေ အဖို့ ဘုရားကျောင်း ကတဆင့် လိုအပ်တဲ့ သတင်း အချက်အလက်နဲ့ အကူအညီတွေရော မိတ်ဆွေသစ်တွေပါ ရတတ်တာမို့ ကိုယ့်အတွက်တော့ လောကီ လောကုတ္တရာ အကျိုး ရှိပါတယ်။ ကိုယ်ခံစားရတဲ့ ကောင်းကြီးတွေအတွက် ကျေးဇူးတော် ချီးမွမ်းတဲ့ အနေနဲ့ နိုင်သလောက် အလှူငွေလည်း ထည့်ပါတယ်။ အိမ်ပြန်ပါလာတဲ့ ၀င်ငွေရဲ့၅% ရယ်လို့ ဆိုပြီးတော့ တွက်ချက်ပြီးတော့ မလှူမိပါဘူး။ နှစ်တိုင်း အောက်တိုဘာလ ရောက်ရင် ဘုန်းကြီးက ၅% တရားဟောတယ်။ ကိုယ်ကလည်း ရာခိုင်နှုန်း မတွက်ဘဲ နိုင်သလောက် စာအိတ်လေးထဲ ထည့်လှူတာ ၇နှစ် ပြည့်တော့မယ်။

Saturday, 4 July 2009

Eating out

အခုလို အချိန်မှာ မိသားစုတွေလည်း အသုံးစရိတ်တွေကို အထိုက်အလျောက် လျှော့နေကြရပြီ။ နိုင်ငံခြား ခရီးလည်း သိပ် မသွားနိုင်ကြတော့ဘူး။ ငွေဈေးကလည်း အရင်လို မမာပြန်တော့ ဖေါဖေါသီသီ မသုံးနိုင်ကြဘူး။ အလုပ်တွေကလည်း လူလျှော့တာနဲ့၊ ကုမ္ပဏီ ဖျက်သိမ်းတာနဲ့ အနာဂတ်က မရေရာပြန်ဘူး။ လည်ပတ်နေတဲ့ ယန္တရားတွေ တခုပြီး တခု ရပ်သွားပေမယ့် ကိုယ်ခန္ဓာကြီး မရပ်သရွေ့တော့ အစား အသောက် အကြောင်း စဉ်းစားရဦးမှာပဲ။ ကျောင်းသား ဘ၀တုန်းက စာတဖက်နဲ့ ဖြစ်သလို စားကြတယ်။ ခေါက်ဆွဲခြောက်ကို ကြိုက်တော့ မငြီးတမ်း စားတယ်။ ရာသီဥတု အေးတာနဲ့လည်း အတော်ပါပဲ။ ရောက်ရောက်ချင်း တရုတ်ဆိုင်ကိုတွေ့တာ သံဈေးထဲ ရောက်သွားသလိုပဲ။ ၀က်အူချောင်းလည်းရ၊ ပဲပင်ပေါက် ပဲပြားလည်းရ၊ ဆန်ကတော့ ယိုးဒယားဆန် ပေါ်ဆန်းမွှေး လိုမျိုး ရလို့ ပျော်လိုက်တာ။ ကိုယ့်ဘာသာ ချက်စားတာတော့ အသက်သာဆုံးပဲ။

အလုပ်ရတော့ အကြောင်း ရှာပြီး အပြင် ထွက်စားတယ်။ သူ့မွေးနေ့ ကိုယ့်မွေးနေ့ အဖြေ ပေးတဲ့နေ့ စေ့စပ်တဲ့နေ့ မင်္ဂလာဆောင်တဲ့နေ့ လခထုတ်တဲ့နေ့ တခု မဟုတ် တခု ကြံဖန်တယ်။ မြို့လေးက သေးပြီး စားသောက်ဆိုင်တွေကတော့ အများသား။ ဒီက လူတွေလည်း အပြင်စာ အတော် စားကြပုံပဲ။ ညနေဆို စားသောက်ဆိုင်တွေမှာ လူအပြည့်။ pub မှာ သောက်ရင်းနဲ့ စားတဲ့ သူတွေလည်း ရှိတယ်။ ကျောင်းသားများတဲ့ မြို့မို့လို့လား မသိဘူး pub တွေလည်း ပေါမှ ပေါပဲ။ တချို့ pub တွေက အစားအသောက်ပါ နံမည်ကြီးတယ်။ ရောက်စကတော့ pub က ၀ိုင်တခွက်နဲ့ စူပါမားကက်က ၀ိုင်တပုလင်း တန်ဖိုးချင်း တူတူလောက် ဖြစ်နေတာတောင် အိမ်မှာ မသောက်ဘဲ pub မှာ တပျော်တပါး လာသောက် နေကြတဲ့ သူတွေကို နားမလည်ဘူး။ နောက်မှ ကိုယ်တို့ လက်ဖက်ရည်ဆိုင် ထိုင်သလို နေမှာပေါ့လို့ စဉ်းစားမိတယ်။ ကော်ဖီဆိုင်နဲ့ တရုတ်ဆိုင် (noodle bar လို ခုံတန်းရှည်တွေ ချထားတဲ့ ဆိုင်မျိုး) တွေမှာ ကျောင်းသားတွေ အများဆုံး ရှိတတ်တယ်။ ပီဇာနဲ့ အင်္ဂလိပ်တို့ အကြိုက် fish & chips take away ဆိုင်တွေမှာလည်း တပျော်တပါး တန်းစီနေတာမျိုး တွေ့ရတတ်သေးတယ်။

ဆိုင်တွေမှာစားရင် အရည်တခွက်နဲ့ ခေါက်ဆွဲ သို့မဟုတ် ထမင်းတပွဲနဲ့ ပြီးသွားရင် သက်သာတယ် ခေါ်ရမယ်။ တချို့ဆိုင်တွေက အချိုရည် အလကား ပေးတယ်။ ပုလင်းထဲကရေတို့ ရေနွေးကြမ်းတို့ကို ပိုက်ဆံပေး မသောက်ချင်ရင် ရေပိုက်က ရေပဲ တောင်းလို့ရပါတယ်။ စတိုင်ကျကျ စားကြရင်တော့ သောက်စရာ အရည် တမျိုးနဲ့ အမြည်းလေးနဲ့စ၊ salad အရွက်စုံသုပ်လေး မဟုတ်ရင် ဟင်းချိုကို ပေါင်မုန့်နဲ့တို့စား၊ ပြီးတော့ ကြိုက်တဲ့ ပွဲကြီး မှာစား၊ ဗိုက်နဲနဲပြည့်ရင် အချိုပွဲဆက်မှာ၊ စကားလေး ဘာလေး ပြောပြီး အိမ်ပြန်ခါနီးရင်တော့ ကော်ဖီ လက်ဖက်ရည်မှာပြီး စားသောက်ပွဲကို သိမ်းလိုက်ကြရော။ ပိုက်ဆံ အပြည့်ပေးပြီး စားလို့ရသလို တချို့ ဆိုင်တွေက ကူပွန်တွေလည်း လက်ခံပါတယ်။ ကိုယ့်ဘာသာ သုံးကြည့်လို့ သဘောကျတာကတော့ Tesco ကူပွန်တွေပါ။

Tesco က NTUC (စင်ကာပူ) လို စူပါမားကက် တခုပါ။ Tesco loyalty ကဒ်ရှိရင် ဈေးဝယ်တဲ့အခါ ပွိုင့်တွေရတယ်။ အဲ့ဒီပွိုင့်တွေကို Tesco က သူတို့ဆိုင်မှာပဲ ပြန်သုံးလို့ ရတဲ့ ပိုက်ဆံလို ကူပွန်လေးတွေ ပြန်ပေးတယ်။ ဆိုင်မှာပဲ ပြန်သုံးရင်တော့ ၁ပေါင်တန် ကူပွန်ဟာ ၁ပေါင်ပဲ တန်ဖိုး ရှိပါတယ်။ Tesco deal တိုကင် အဖြစ် ပြောင်းသုံးရင်တော့ လေးဆ တန်ဖိုးရှိပါတယ်။ သုံးစရာတွေကလည်း စုံပါတယ်။ စားသောက်ဆိုင်မှာ စားမလား၊ ပြဇာတ် ကြည့်မလား၊ ကစားကွင်း သွားမလား၊ လစဉ်ထုတ် မဂ္ဂဇင်းတွေ ၀ယ်မလား၊ ပင်မင်းဆိုင် အတွက် သုံးမလား၊ ကိုယ်နဲ့ အသုံးတည့်မယ့်ဟာကို ရွေးသုံးလို့ရပါတယ်။ ၁၀ပေါင်ဖိုး ကူပွန်တွေ စုထားပြီး Tesco website ကတဆင့် မှာလိုက်ရင် ပေါင်၄၀ဖိုး တိုကင်တွေရတယ်။ အဲ့ဒီ တိုကင်နဲ့ စားသောက်ဆိုင်တွေ သွားစားရင် အရည်ဖိုးကလွဲပြီး ကုန်ကျတာကို တိုကင်နဲ့ ရှင်းလို့ရပါတယ်။ စီးပွားရေးကျတဲ့အချိန်မှာ သက်သက်သာသာနဲ့ အပြင်မှာ စားတဲ့ နည်းတမျိုးပေါ့။