Tuesday, 27 October 2009

အင်တာနက် မရှိတဲ့ ၃ပတ်

မှတ်မှတ်ရရ အင်တာနက် မရှိတာ ၃ပတ် နီးပါး ဖြစ်သွားတယ်။ ဘာတွေ ဖြစ်သလဲဆိုတော့ ဘလော့ မလည်ရ တော့ဘူးပေါ့။ ဂူဂယ်မှာ ဘာဘာ ညာညာ ရှာမရဘူးပေါ့။ အွန်လိုင်း တက်တဲ့ သူငယ်ချင်းတွေ နဲ့လည်း မတွေ့ရဘူးပေါ့။ အိမ်က မိသားစုတွေ နဲ့လည်း စကား မပြော ဖြစ်ဘူး။ အိမ်ကနေလည်း အလုပ် မလုပ် ဖြစ်ဘူး။ လယ်ထဲက အပင်တွေလည်း ပျက်စီးကုန်မှာ သေချာတယ်။ စိတ် မထိန်းနိုင်မှာစိုးလို့ သွားတောင် ပြန်မကြည့်ဘူး။ ပြတ်လက်စနဲ့ပဲ ပြတ်ပါစေလေ။ အကြောင်းရင်းမှန်ကို မသိရှာတဲ့ သူငယ်ချင်းတချို့က လေပြင်းတွေ တိုက်လို့လားတဲ့။

အလုပ်ထဲမှာတော့ အီးမေးပဲ ပုံမှန် စစ်ဖြစ်တယ်။ အိမ်ရောက်မှ စိတ်ရှိတိုင်း အင်တာနက်ကို သုံးရတာ ခုမှ တန်ဖိုး သိတော့တယ်။ ကော်ဖီဆိုင်မှာ သူများတွေ အင်တာနက် သုံးနေတာ တွေ့လို့ လွယ်မယ် ထင်တာ မလွယ်ပါဘူး။ ကဒ်ကလေး ၀ယ်ပြီး ခုထိတောင် စာရင်း မသွင်း ရသေးလို့ မသုံး ဖြစ်ဘူး။ အဲ့ဒီ ပိုက်ဆံ ထည့်ထားတဲ့ ကဒ်တွေကလည်း ပိုက်ဆံအိတ် ပျောက်ရင် ပါသွားတော့ ၀ယ်ရတာ ခပ်လန့်လန့်။ ခုတလော ပျောက်တာရော မေ့တာရော အတော်များတယ်။ ဇရာက အရိပ်ပြနေတယ် ထင်ပါ့။

ဘလော့ရွာက သူငယ်ချင်း တွေကိုတော့ နေ့တိုင်း လွမ်းတယ်။ ဘယ်သူတွေ ဘာအသစ်တွေ ရေးထား ပြီလဲ လို့ပေါ့။ အတိုးချပြီး အခုမှ တ၀ ဖတ်ရမယ်။ အင်တာနက် မရှိတော့ အချိန်တွေ ပိုသလား မမေးပါနဲ့။ တီဗီ စီးရီး တခု နှစ်ခု လောက်တောင် ပုံမှန် ကြည့်ဖြစ်တယ်။ စာအုပ်လည်း ဖတ်ဖြစ်တယ်။ အိမ်က တယောက်နဲ့လည်း ပို စကားများဖြစ်တယ်။ အင်တာနက် ရှိရင် ကိုယ့်အာရုံနဲ့ ကိုယ် ငြိမ်နေကြတာလေ။ အိမ်မှာ အလုပ်တွေ ယူမလုပ် ဖြစ်တော့ ခေါင်းကိုက် သက်သာ သွားသလိုပဲ။

အမှတ်တရပေါ့...

Friday, 18 September 2009

ရမ်းပဲ လူပုလေး (၃)

အခန်းထဲမှာ ဘာတွေ ရှိသလဲ ဆိုတော့ ကောက်ရိုး ချည်းပဲပေါ့။ လောဘ ကြီးတဲ့ ဘုရင်ကြီးက အခန်း အပြည့် ကောက်ရိုးတွေ ဖြည့်ထား ပြန်တာပေါ့။ မနက်ဖြန် မနက် မရောက်ခင် တခန်းလုံးကို ရွှေ အပြည့် ဖြစ်နေအောင် လုပ်နိုင်ရင် မင်းကို မိဖုရား တင်မြှောက်မယ် လို့ ဘုရင်ကြီးက မိန့်တော်မူ ပြီးတာနဲ့ အခန်း သော့ခတ်ပြီး ပြန်ကြွ သွားတယ်။ ဘုရင်ကြီး တဖက် လှည့်သွားတာနဲ့ လူပုလေးလည်း ထပ် ရောက်လာ ပြန်တယ်။ ဟာ ကောက်ရိုးက များသထက် များလာပါလား။ ကဲ ဒီ ကောက်ရိုး ပုံကြီး ရွှေ ဖြစ်အောင် လုပ်ဖို့ ငါ့ကို ဘာ ပေးမှာလဲ လို့ လူပုလေးက မိန်းကလေးကို မေးသတဲ့။ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး ကတော့ တကယ့်ကို ပူပင် သောက ရောက်နေ ရှာတယ်။ ကျမမှာ ပေးစရာ ဘာမှ မကျန်တော့ ပါဘူးရှင် လို့ပဲ ပြောသတဲ့။ အဲ့ဒီ အခါမှာ လူပုလေးက ကောင်းပြီလေ ဒါဆို ငါ့ကို ကတိ တခု ပေးပါ လို့ ဆိုတော့ မိန်းကလေး ကလည်း ကောင်းပါပြီရှင် ဘယ် ကတိမျိုး မဆို ပေးပါ့မယ် လို့ ကပျာကရာ ပြောရှာတယ်။ လူပုလေးက မိန်းကလေး မျက်နှာကို စေ့စေ့ ကြည့်ပြီး ပြောလိုက်တာက ဘုရင်ကြီး မြှောက်စားလို့ မင်း မိဖုရား ဖြစ်သွားခဲ့ရင် ပထမဆုံး မွေးတဲ့ ကလေးကို ငါ့ကို ပေးပါ့မယ် လို့ ကတိပေးပါ တဲ့။

လွယ်လွယ် လေးနဲ့ ပေးလိုက်လို့ ရတဲ့ ကတိမျိုး မဟုတ် ပေမယ့်လည်း ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး ခမျာ တခြား အားကိုး စရာလည်း မရှိတော့ လူပုလေးကို ကတိ ပေးလိုက်တယ် တဲ့။ အခု အချိန်ကနေ ဆိုရင်လည်း ကလေး ရဖို့ အဝေးကြီး လိုသေးတာပဲ လို့ တွေးပြီးတော့ ပေါ့လေ။ လူပုလေး ကလည်း အကြာကြီးဆို မေ့သွားနိုင်လောက်တယ်လေ။ မိန်းကလေးရဲ့ ကတိ ရတာနဲ့ လူပုလေးလည်း သူ့ အလုပ်ကို စ ပါလေရော။

နောက်နေ့ မနက် မိုးလင်းတော့ ရွှေတွေ ပြည့်နေတဲ့ အခန်းကြီးကို တွေ့ရတဲ့ ဘုရင်ကြီးဟာ အရမ်း အရမ်းကို ပျော်နေတာ တဲ့။ မိန်းကလေးကို နောက်ထပ် ခိုင်းဖို့ မလိုတော့အောင် သူ့မှာ ရွှေတွေ သုံးနိုင်တာထက် အများကြီး ပိုအောင် ရှိ နေပြီကိုး။ အပျော် လွန်နေတဲ့ ဘုရင်ကြီးက ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးကို လက်ထပ်ခွင့် တောင်းတဲ့ အခါ မိန်းကလေး ကလည်း သဘောတူ လက်ခံ လိုက်သတဲ့။

ဘုရင်ကြီးရဲ့ မိဖုရား ဖြစ်သွားတဲ့ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးဟာ အချိန် နဲနဲ ကြာလာတာနဲ့ အမျှ ဘုရင်ကြီးကို ချစ်ခင် နှစ်သက် လာတယ်။ ဒါနဲ့ပဲ သူတို့ လက်ထပ်ပြီး ၁နှစ် အကြာမှာ ဘုရင်ကြီး နဲ့ မိဖုရားကြီးမှာ ချစ်စရာ ကောင်းတဲ့ ကလေးလေး တယောက် ရလာတယ်။ အခုဆို ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးဟာ နန်းတော်ထဲမှာ သူချစ်တဲ့ ဘုရင်ကြီးရယ် ကလေးလေးရယ်နဲ့ ပျော်စရာ အရမ်း ကောင်းနေတာပေါ့။ သူ့ ဘ၀ အသစ်မှာ ပျော်နေတဲ့ မိဖုရားကြီးဟာ လူပုလေးကို ပေးခဲ့တဲ့ ကတိကို လည်း သတိ မရတော့ဘူးတဲ့။

ဒါပေမယ့် လူပုလေး ကတော့ မမေ့ဘူးတဲ့။ တနေ့ မိဖုရားကြီးက သူ့ ကလေးလေးနဲ့ ဆော့ကစားနေတုန်း လူပုလေး ရောက်လာတယ်။ မင်း ကတိပေးထားတဲ့ အတိုင်း ကလေးကို ယူဖို့ ငါလာတာ လို့ မိဖုရားကြီးကို ပြောသတဲ့။ မိဖုရားကြီးလည်း သိပ်တုန်လှုပ် ခြောက်ခြား သွားတာပေါ့။ ကလေးလေးကို သူ့ရင်ခွင်ထဲမှာ တင်းတင်း ကြပ်ကြပ် ဖက်ထားပြီး လူပုလေးကို ရှိခိုး တောင်းပန်တယ်။ ကျမမှာ ရှိသမျှ ပစ္စည်း ဥစ္စာတွေကို ယူပါရှင် ကျမရဲ့ ကလေးလေး ကိုတော့ ချမ်းသာပေးပါ လို့ ငိုပြီး ပြောသတဲ့။

ငိုယို တောင်းပန် နေတဲ့ မိဖုရားကြီးကို လူပုလေးလည်း သနားသွားပြီး ဒီတခါတော့ အခွင့် အရေး ပေးလိုက်မယ်လို့ ဆုံးဖြတ် လိုက်တယ်တဲ့။ ဒါနဲ့ လူပုလေးက မိဖုရားကြီးကို ကဲ ဒါဆို ငါပြောတာ နားထောင်။ ငါ့မှာ သူများနဲ့ မတူ တမူ ထူးခြားပြီး သမားရိုးကျ မဟုတ်တဲ့ နံမည် တခု ရှိတယ်။ သူဘာကို ပြောချင်မှန်း မသိတဲ့ မိဖုရားကြီးလည်း ဇဝေဇ၀ါ ဖြစ်သွားတာပေါ့။ ငါ့ရဲ့ နံမည်ကို ၃ရက်အတွင်းမှာ ဖော်ထုတ် နိုင်ရင် ကလေးကို ငါ မယူဘူး မင်းနဲ့ပဲ ထားခဲ့မယ် လို့ ပြောပြီး လူပုလေးလည်း ပျောက်သွား ပါလေရော။

လူပုလေး ပျောက်သွားတာနဲ့ တပြိုင်နက် မိဖုရားကြီးလည်း သူ့ ရံရွေတော်တွေ အားလုံးကို ဆင့်ခေါ်ပြီး ရှိသမျှ နံမည်တွေ စဉ်းစား ကြတာပေါ့။ တညလုံး မအိပ်ကြဘဲ စဉ်းစား လို့ရတဲ့ နံမည် မှန်သမျှကို ချရေးပြီး စာရင်း လုပ်ထား လိုက်တယ်။ ဒါ့အပြင် မိဖုရားကြီးက ရံရွေတော်တွေ သာမက ဆက်သားတွေပါ ထပ်ဆင့် ခေါ်ပြီး လူပုလေးရဲ့ သူများနဲ့ မတူ တမူ ထူးခြားတဲ့ နံမည်ကို တတိုင်းပြည်လုံး နေရာအနှံ့ ရှာဖို့ ခိုင်းစေ လိုက်တယ်။ ၃ရက် ပြည့်လို့ လူပုလေး ပြန် ရောက်လာတဲ့ အခါ မိဖုရားကြီးမှာ နံမည် စာရင်း အရှည်ကြီး ရှိနေပြီ တဲ့။ မိဖုရားကြီးက နံမည် တခု ဖတ်ပြ လိုက်ရင် လူပုလေးက ခေါင်းခါ လိုက်လုပ်တော့ မိဖုရားကြီးလည်း သူ့ ကလေးလေးကို ဆုံးရှုံး ရမှာ အရမ်းကို စိုးရိမ်လာ သတဲ့။ အဲ့ဒီ အချိန်မှာပဲ ဆက်သား တယောက်က နန်းတော်ကို ပြန် ရောက်လာပြီး မိဖုရားကြီးကို အရေးတကြီး လျှောက်တင် စရာ ရှိပါတယ် လို့ ဆိုလာတယ်။ မိဖုရားကြီးလည်း လူပုလေးကို စောင့်ခိုင်း ထားရတာပေါ့။

အဲ့ဒီ ဆက်သား မိဖုရားကြီးကို လျှောက်တင်ပုံက မိဖုရားကြီး ခင်ဗျား ကျွန်တော်မျိုး အပြန်လမ်းမှာ တောအုပ်ထဲက ဖြတ်ပြန်လာတာ မြေ ကွက်လပ် တခုကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ထူးဆန်းတဲ့ လူပုလေး တယောက် မီးပုံဘေးမှာ ကပြီး သီချင်း ဆိုနေတာလည်း ကြားခဲ့ရပါတယ်။ သူ ဆိုနေတဲ့ သီချင်းကတော့
ပျော်ရွှင်စွာ ကခုန်မယ် သီချင်းဆိုမယ်
မနက်ဖြန်ရောက်မှာ တွေးပျော်တယ်
ရမ်းပဲလူဟာ ငါ့နံမည်
သနားစရာ မိဖုရား မသိရှာကွယ်
အဲ့ဒီ သီချင်းလည်း ကြားရော မိဖုရားကြီးလည်း သူပဲ သူပဲ အဲ့ဒါ သူ့နံမည်ပဲ ဆိုပြီး အရမ်း ပျော်သွားတယ်တဲ့။ ကလေးလေးကို ပေးလိုက် ရမယ် ဆိုတဲ့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ အားလုံးလည်း ပျောက်သွားတယ်။ ပြီးတာနဲ့ လူပုလေး ရှိရာ ပြန်လာပြီး ကုနြေ္ဒနဲ့ မေးလိုက်တာက
မိဖုရားကြီး။ ရှင့်နံမည်က ဘာသဇာ မဟုတ်လား
လူပုလေး။ မဟုတ်ပါ
မိဖုရားကြီး။ အီဇီခဲ
လူပုလေး။ မဟုတ်ရေးချ မဟုတ်ပါ
မိဖုရားကြီး။ ဒါဆို ရှင့်နံမည်က ရမ်းပဲလူ များ ဖြစ်နေမလား

ရမ်းပဲလူ ဆိုတဲ့ နံမည်လည်း ကြားရော လူပုလေးက တအား စိတ်ဆိုးသွားပြီး နတ်သမီးတွေ လက်ချက်ပဲ ဖြစ်ရမယ် လို့ ဒေါသတကြီး အော်ဟစ်ပြီး နန်းတော်ထဲက စိတ်ဆိုး တကြီးနဲ့ ထွက်သွား ပါလေရော။

မိဖုရားကြီးလည်း ရမ်းပဲ လူပုလေးကို အဲ့ဒီ အချိန်က စပြီး နောက်တခါ ထပ် မတွေ့ရ တော့ဘူးတဲ့။ ဘုရင်ကြီးရယ် မိဖုရားကြီးရယ် သူတို့ရဲ့ ကလေးလေးရယ် နန်းတော်ကြီးမှာ ပျော်ရွှင်စွာနဲ့ အသက်ထက်ဆုံး နေထိုင် သွားကြသတဲ့ ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ကလေး ပုံပြင်စာအုပ်ကို ဖတ်ရင်း မြန်မာလို ပြန်ရေးတာမို့ ဒေါ်မီထုံကို နားလည် ပေးကြပါ။ ကလေး အတွက် ဆိုပြီး လက်ဆော့လိုက်တာ။ ဒီတခါပဲ တော်ပါပြီ။

Thursday, 17 September 2009

ရမ်းပဲ လူပုလေး (၂)

ပုံပြင်တွေ ကြိုက်တဲ့ တူမလေး မကြားဖူးသေးတဲ့ ပုံပြင်လေးမို့ပါ။ ဆက်ပြီနော်...

ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး ကြည့်နေတုန်းမှာပဲ ဘီးပေါ်မှာ ရွှေ ချည်မျှင်တွေ အထပ်လိုက် ဖြစ်နေတာကို အံ့သြ ဖွယ်ရာ တွေ့လိုက် ရတယ်။ ဒီလိုနဲ့ လူပုလေးက ချည်ငင် ကောင်းနေတုန်း မိန်းကလေးလည်း အိပ်မောကျ သွားပါ လေရော။ နောက်နေ့ မနက် မိန်းကလေး အိပ်ရာ ကလည်း နိုးရော လူပုလေးကို မတွေ့ရ တော့ဘူး။ အခန်း တခန်း လုံးတော့ ရွှေ ချည်တွေ အပြည့်ပဲ တဲ့။ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးလည်း သူ့ ကံကို မယုံ နိုင်ဘူးပေါ့။ သူ့ အသက်ကို လူပုလေးက ကယ် လိုက် တာလေ။ ဘုရင်ကြီးလည်း အခန်းထဲ ကြွလာရော ရွှေတွေ မြင်ပြီး အရမ်း ၀မ်းသာ သွား သတဲ့။ ဒီ မိန်းကလေး မှာတော့ မျက်လှည့် အတတ် ရှိရမယ် ပေါ့။ လောဘကြီးတဲ့ ဘုရင်ကြီးက ရွှေ အပြည့် ဖြည့်ထားတဲ့ အခန်း တခန်းလောက်နဲ့ မတင်းတိမ် နိုင်ဘူး တဲ့။ ဒီ့ထက် ပို လိုချင်သေး တာတဲ့။

ဒါနဲ့ပဲ ဘုရင်ကြီးက မိန်းကလေးရေ မင်း တော်တယ်။ အသက် ရှင်ခွင့် ရစေ။ မင်းကို သွားခွင့်တော့ မပေးနိုင် သေးဘူး၊ မင်းလုပ်စရာတွေ ကျန်သေးတယ် လို့ မိန့်တော်မူ ပြန်တယ်။ ဒီတခေါက်တော့ ဘုရင်ကြီးက ပိုကျယ်တဲ့ အခန်း ထဲကို ခေါ်သွားတယ်။ အခန်း ထဲမှာလည်း ကောက်ရိုး အပြည့် နဲ့ပေါ့။ မနက်ဖြန် မနက်မှ ဒီ အခန်းထဲ ရှိတဲ့ ကောက်ရိုး အားလုံးကို ရွှေ ဖြစ်အောင် မလုပ်ပေး နိုင်ရင် မင်းကို သေဒဏ် ပေးမယ် လို့ အမိန့် ချမှတ်၊ အခန်းကို သော့ခတ်ပြီး ထွက်သွား ပြန်ပါလေရော။

သနားစရာ မိန်းကလေး ခမျာ သေချင် လောက်အောင် စိတ်ညစ် သွားတာပေါ့။ ဘာလုပ် ရမှန်းလဲ မသိတာနဲ့ ကောက်ရိုး ပုံကြီး ရှေ့မှာ ထိုင်ချ လိုက်ပြီး အားရ ပါးရ ငိုချ လိုက်မိတယ် တဲ့။ ဒါပေမယ့် ခဏနေ ကြာတော့ မနေ့ညက သူ့ကို ကူညီခဲ့တဲ့ လူပုလေးက မိန်းကလေးရဲ့ အရှေ့ကို ရုတ်တရက် ပြန် ရောက်လာတယ်။ ပြီးတော့ လူပုလေးက မိန်းကလေးကို မင်း ဘာ အကူအညီ လိုနေလဲ ဆိုတာ ငါ သိပါတယ် လို့ ပြောပြီး ဒီ တခေါက်ရော ငါ့ကို ဘာပေးမှာလဲ လို့ မေးတာနဲ့ မိန်းကလေးလည်း မျက်ရည်တွေ ကပျာ ကရာ သုတ်ပြီး သူ့ လက်မှာ ၀တ်ထားတဲ့ ငွေ လက်စွပ် သေးသေးလေးကို လူပုလေး လက်ထဲ ထည့်ပေး လိုက်တယ်။ ငွေ လက်စွပ်လေး ရတာနဲ့ လူပုလေးလည်း ချည်ငင်တဲ့ ဘီးကို စလှည့် တော့တာပဲ။
ဝှီး ၀ှီးဝှီး

လူပုလေးက ချည်ငင် ကောင်း နေတုန်း ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးလည်း တခါ အိပ်ပျော် သွားပြန် ပါလေရော။ မနက် မိုးလင်းလို့ ဘုရင်ကြီး ကြွလာတဲ့ အခါ တခန်းလုံး ရွှေတွေ အပြည့်နဲ့ ဖြစ်နေတာကို တအံ့တသြနဲ့ တွေ့ရ ပြန်ပါ သတဲ့ကွယ်။ ကောက်ရိုးကို ရွှေ ဖြစ်အောင် လုပ်နိုင်တဲ့ မိန်းကလေး ကတော့ ငါ့အတွက် မိဖုရားကောင်း ဖြစ်နိုင်တယ် လို့လည်း တွေးမိ တယ်တဲ့။ ဒါနဲ့ပဲ ပိုကျယ်တဲ့ နောက် အခန်း တခန်းကို မိန်းကလေးကို ထပ် ခေါ်သွားပြန် ပါလေရော။ အခန်းထဲမှာ ဘာတွေ ရှိမယ် ထင်သလဲ???

(ပုံကို google ကယူပါတယ်)