Wednesday, 9 December 2009

Grumpy woman

တီဗီက လာတဲ့ Grumpy old women အစီအစဉ်ကို သဘောကျ မိတာနဲ့ ကိုယ့်ဖာသာ grumpy လုပ်ကြည့်တာ။ old ကို မသိမသာလေး ဖြုတ် ထားခဲ့တာ သတိ ထားမိလား။ အဲ့ဒီ အစီအစဉ် မှာ ပါတဲ့ အမျိုးသမီးတွေက ၅၀ ကျော်တွေ များတယ်၊ တခါ တလေ လည်း ၃၀ ကျော်တွေ ပါပါတယ်။ ဒါပေမယ့်လည်း...

credit crunch ကြောင့် လူတွေ ကျပ်တည်း ကြတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ဈေး ၀ယ်သူတွေ ဆီက ခိုးတာတော့ လုံးဝ သည်းမခံ နိုင်ဘူး။ ကိုယ်တို့ ရုံးနားမှာ စာရေး ကိရိယာ ရောင်းတဲ့ ဆိုင် တဆိုင် ရှိတယ်။ ပစ္စည်း ၂မျိုး ၀ယ်တာ (၂+၂.၅၀) ကိုယ့်ဖာသာ ပေါင်းထား ပြီးသား။ ၁၀ တန် ပေးလိုက်တာ ၄.၅၀ ပြန်အမ်းတယ်။ လိုသေးတယ် ဆိုတော့ လူကို ကြည့်ပြီး ကျပ်စေ့ တစေ့ ထုတ်ပေးတယ်။ ပြေစာ ပေးဦး ဆိုတော့ စက်ကနေ နှိပ်ပြီး ထွက်လာတဲ့ စာရွက်မှာ ၃.၅၀ ဖိုးပဲ နှိပ်ထားတယ်။ ဈေး ၀ယ်သူဆီက ၁ကျပ် ဆိုင်ရှင်ဆီက ၁ကျပ် ခိုးတာ။ တခါလည်း မဟုတ်ဘူး။ ပိုက်ဆံ ပြန်အမ်းရင် မကြည့်ဘဲ အိတ်ထဲ တန်းထည့် တတ်သူများ သတိချပ်ပါ။

စူပါ မားကက်မှာ တချို့ ပစ္စည်းတွေ ၁ခုထက် ပိုဝယ်ရင် သက်သာတယ် လို့ ပြောကြတယ်။ အမြဲတမ်း မမှန်ဘူး။ ခေါက်ဆွဲ တထုပ်ကို ပြား ၈၀၊ ၂ထုတ် ၀ယ်ရင် ၁.၇၀ တဲ့။ ဘယ်မှာ ပို သက်သာလို့လဲ။ အိမ်သာသုံး စက္ကူ ၉လုံး ပါတဲ့ အထုပ်က ၅.၄၀၊ ၁၂ လုံးပါတဲ့ အထုပ်က ၇.၄၀။ ပိုဝယ်လို့ ပိုဈေး မသက်သာပါ။ သင်္ချာ မတွက် တတ်ရင်တော့ သူတို့ ရေးထားတဲ့ အတိုင်း ၀ယ်လိုက်ရင် ဈေးကြီး ပေးဖို့သာ ပြင်ပေတော့။

အလုပ်ထဲက ဖြစ်သမျှတွေ အိမ်မှာ ပြန် ရင်ဖွင့်တာ အခုဆို သတိထား နေရတယ်။ ခရစ်စမတ် ပါတီမှာ ရုံးသူ ရုံးသားတွေရဲ့ အမျိုးသား အမျိုး သမီးတွေပါ ဖိတ်တော့ မသိသေးတဲ့ ကိုယ့်အိမ်သူ အိမ်သားတွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို အချင်းချင်း မိတ်ဆက်ပေးကြတယ်။ ရှန်သီ က သူ့ အမျိုးသားကို မာရီယာနဲ့ မိတ်ဆက် ပေးတဲ့ အခါ ရှန်သီ့ အမျိုးသားက အားရပါးရ ပြောလိုက်တာက လူတွေနဲ့ လိုက် ရန်ဖြစ်တဲ့ တယောက်လားတဲ့။ ကြားတဲ့ လူတွေလည်း ဘာပြောရမှန်း မသိအောင် ခက်နေတဲ့ အချိန်မှာ ထပ်ပြီး ပြောလိုက်တာက မင်းပဲ ပြောတာလေ မာရီယာ ရန်ဖြစ်ပြီး ချလိုက်တဲ့ အကြောင်း တဲ့။ အိမ်ကလူတွေ အိမ်ရှင်မကို မျက်နှာရအောင် ပံ့ပိုး ပေးပုံများ တယောက် တမျိုးစီ မရိုး နိုင်အောင်ပါပဲ။

အိမ်လိပ်စာ ပြောင်းလို့ ဘဏ်ကို အကြောင်းကြားတာ ၃မိနစ်နဲ့ ပြီးမယ် ထင်လား။ လိပ်စာ အသစ်ကို မပြောင်း ပေးသေးခင် လိပ်စာ အဟောင်းကို ပြောရတယ်။ ပြီးတော့ နေ့ဘက် နဲ့ ညဘက် ဆက်သွယ်ဖို့ ပေးထားတဲ့ ဖုန်းနံပါတ်တွေ သေချာအောင် ပြန်မေးတယ်။ အမေ နံမည်၊ ဘယ်မြို့မှာ မွေးတာလဲ၊ လောလောဆယ် ခရီး သွားဖို့ ရှိသလား၊ အကြွေးကဒ် ဘယ်နှစ်ခု ရှိလဲ၊ ဘဏ် ပြောင်းဖို့ စိတ် မ၀င်စားဘူးလား၊ အိမ် ပိုင်သလား၊ အိမ် ၀ယ်ဖို့ အစီအစဉ် ရှိလား........ မဆုံးနိုင်တော့ဘူး။ ငါ့ လိပ်စာ အသစ် ပြောင်းဖို့ ဖြစ်နိုင် ဦးမှာလား လို့ မေးလိုက်တော့မှ လိပ်စာ အသစ်ကို ပြောပါတဲ့။ သူတို့လည်း အလုပ်ရှင် ခိုင်းတာ လုပ်ကြရတာ နားလည် ပါတယ်။ ဒါပေမယ့် မဆိုင်တဲ့ ကိစ္စတွေလည်း ဆွဲထည့်တာ အစဦး ရည်ရွယ်ချက်တောင် ပျောက်မလို ဖြစ်သွားတယ်။

'customer comes first' 'customer is always important' ရေးထားလိုက်တာ နေရာ အနှံ့။ တနေ့က ပြတိုက် တခုကို ရောက်သွားတယ်။ အိမ်သာထဲ အ၀င် အနောက် ကနေ ဆွဲထားလို့ လှည့်ကြည့်လိုက်တော့ သန့်ရှင်းရေး သမ တယောက်။ ငါ အဲ့ဒီ အိမ်သာကို ဆေးမလို့တဲ့။ ဒါနဲ့ သူ့ကို အလျှော့ပေးပြီး ပြန် လှည့်ထွက် လာရတယ်။ အပြန်ကျတော့ ခရစ်စမတ် အတွက် အလှပြင် ထားတာတွေ ငေးရင်း စတိုးဆိုင် တခုထဲ ရောက်သွားတယ်။ အင်္ကျီ တထည် မျက်စိ ကျလို့ လှမ်းအယူမှာ ဖြတ်ခနဲ ကိုယ့် အရှေ့ကနေ ကျော်ပြီး သူ့ပစ္စည်းတွေ ပြန်စီဖို့ အရေးကြီးနေတဲ့ ဆိုင်က အရောင်း စာရေးမ ကို အသာပေး လိုက်ရတယ်။ စိတ်တိုတာနဲ့ အဲ့ဒီဆိုင်က ဘာမှ မ၀ယ်ခဲ့ဘူး။ တကယ်ဆို ဈေးဝယ်သူက ကြည့်နေတာ ယဉ်ကျေးမှု ရှိရမှာပေါ့။ အပြောနဲ့ အလုပ် မညီပုံများ။

ဆွေမျိုးတွေဆီ ပိုက်ဆံ ပို့ပြီးတိုင်း ရောက်ကြောင်း သတင်း လာလေ့ မရှိဘူး။ ကိုယ်က ဖုန်းဆက် မေးရတယ်။ အရင်လနဲ့ ဒီလ ဈေးကွာလို့ ငွေ ပမာဏ နည်းနေရင်တော့ အကြောင်းကြားတယ်။ ဈေးက တလနဲ့ တလ မတူဘူး လို့ ပြောပြထားလည်း တခါပဲ။ နင် တတ်နိုင်သလောက် ပေးတာပဲ လို့ ပြောတာ ရှိသေးတယ်။ တကယ်ဆို ကိုယ်က ပို့တာ လစဉ် ဒီ ပမာဏပဲ ဆိုတာ ပို့တိုင်း ပြောလည်း ပါးစပ် အမြှုပ်ထွက်တာပဲ အဖတ်တင်တယ်။ အိမ်တိုင် ရာရောက် ပိုက်ဆံ သွားပို့ပေးတဲ့ သူကိုလည်း တခါတလေ မဆိုင်တာတွေ သွား ပြောသေးတယ်။ ဟိုလူတွေကဖြင့် ကိုယ့်ကို မြင်ဖူး တာလည်း မဟုတ်၊ နံမည်ပဲ ကြားဖူးနေတာ။

ပြောစရာတွေ အများကြီး ရှိသေးတယ်။ စီးရီး အလိုက် သွားရင် ကောင်းမလားလို့။

Tuesday, 24 November 2009

မန်နေဂျာ ပါဝါ

ရုံးက ကွန်ပြူတာကို သုံးလာတာ အလုပ် စ၀င် ကတည်းက ဆိုတော့ ၅နှစ် ကျော်ပါပြီ။ ကိုယ့် အရှေ့ကလူ သုံးခဲ့တဲ့ စက်ကိုပဲ ဆက် သုံးတာပါ။ ဘယ်တုန်း ကမှ ဘာ ဒုက္ခမှ မရှိ ခဲ့ဘူး။ ကိုယ်ကလည်း သတိ ရှိရှိနဲ့ စက်ထဲကို ပေါက်ကရ မထည့်ဘူး။ မှန်မှန်လည်း backup လုပ်တယ်။ ဒီလိုနဲ့ ယုယု ယယ သုံးလာတာ လွန်ခဲ့တဲ့ ၃ပတ် လောက်ကတော့ outlook သုံးရင် စက်က ကြောင်ပြီး ဘာမှ မတက် တော့ဘူး။ ဒါနဲ့ အိုင်တီ မန်နေဂျာကြီးကို အပ်လိုက်တယ်။ မနက်ကနေ ညနေထိ စာမလာ သတင်း မကြားလို့ လိုက်မေးကြည့်တော့ ကိုယ့် ကွန်ပြူတာ က သုံး မရ တော့ပါဘူးတဲ့။ ဘာလို့လည်း ဆိုတာလည်း အဖြေ မရှိ ပါတဲ့။ မှတ်ကရော။ အဲ့သလို ဖြစ်မှာစိုးလို့ ကိုယ် အလုပ် စလုပ် ကတည်းက ကိုယ့်စက်ကို ဘယ် ဆရာနဲ့မှ မပြဘူး။ သူ့ဆီ မအပ်ခင် ပြဿနာက outlook တခု ထဲရယ်။ IP address တွေ ဘာတွေ ထည့်ရတာ ဆိုတော့ သူ့ အလုပ်မို့လို့ လွှဲအပ် လိုက်တာ တကယ့်ကို လွဲသွား တာပါပဲလား။

မန်နေဂျာကြီးက ကိုယ့်စက်ကို သိမ်းပိုက် ထားလိုက်ပြီး အရံ စက်တလုံး လာပေးထားတယ်။ ကိုယ့် data တွေတော့ မပါဘူးပေါ့။ ကိုယ့်တို့ရဲ့ ဆရာမကြီးကတော့ အရမ်း စိတ်ပူပြီး ဒီလောက် အရေးကြီးတဲ့ ကွန်ပြူတာပျက်သွားတာ ဘယ်လို လုပ်ကြမလဲ တဲ့။ သူ့ အလှည့် ရောက်ပြီဟေ့ ဆိုတဲ့ လေသံနဲ့ အိုင်တီ မန်နေဂျာကြီး ကလည်း ဒီ ကွန်ပြူတာဟာ လဲဖို့ သင့်နေတာ ကြာပြီပေါ့ လဲချိန် တန်ချိန်မှာ မလဲတာကြောင့် အခုလို ဖြစ်ရတာ လို့ ထပ်ဆောင်း ပြောပေးတယ် (ဘယ်အချိန်ထဲက ပြောချင်နေသလဲတော့ မသိဘူး)။ ကိုယ့် data တွေ မရှိတဲ့ စက်ကို သုံးရတာ ကိုယ်လက် အင်္ဂါ မစုံ သလို ပါပဲ။ မန်နေဂျာကြီး သိမ်းဆည်း လိုက်တဲ့ အတွက် သူ့ဆီမှာတော့ ကိုယ့် data တွေ ရှိနေတယ်၊ လိုချင်ရင် သူ့ဆီ တောင်းရတယ်။ ကိုယ့် အရံ စက်ထဲကို အခု data တွေ ထည့်လိုက်ရင် နောက် စက် အသစ် ရောက်လာရင် ပြောင်းထည့်ရမှာ ရှူပ်လို့ ဆိုတဲ့ အကြောင်း ပြချက် နဲ့ပေါ့။ အခု သုံးနေတဲ့ စက်ကိုပဲ ပေးပါ ဆိုတော့လည်း မရဘူးတဲ့။

ကိုယ်က ငိုမဲ့မဲ့ လုပ်လေ သူက ပိုဆိုးလေပဲ။ စက်က ပိုးထိတာ လို့ လည်း ပြောတော့ ဘာကြောင့် ကိုယ့်စက်မှာ anti-virus အသစ် မရှိသလဲလို့ မေးတော့ သူ့ဘက် လှည့်တယ် ထင်ပြီး ခုခံ ပြောဆိုတာ နာရီဝက်လောက် ကြာသွားတယ်။ နောက် တခါ ဒါမျိုး မဖြစ်အောင် ဘယ်လို ကာကွယ် ရမလဲ လို့ မေးတဲ့ အခါ ကျတော့ အက်ဖ်ဘီအိုင်တို့ စီအိုင်အေ တို့တောင် ကာကွယ်လို့ မရဘူးဆိုပဲ။ ကိုယ်လည်း စိတ် ပေါက်ပေါက်နဲ့ ရှင် က ကိစ္စသေးသေး မှန်သမျှကို ကြီးကြီး မားမား ဖြစ်အောင် လုပ်တဲ့ နေရာမှ ပါရဂူပဲလို့ ပြောချ လိုက်တယ်။ တခါမှ မပြောဖူး ပေမယ့် မခံ နိုင်လို့ ပြောလိုက်တာ။ ကိုယ် အလုပ် မဖြစ်လေ သူ ပါဝါ တက်လေ ဖြစ်နေ တာကိုး။ သူ လုပ်ပေးမှ ရမယ့် သဘော။

ကိုယ်တို့ ရုံးမှာ လူ အယောက် ၂၀လောက် ရှိပါတယ်။ သူတလူ ငါတမင်း ပါဝါတွေ ပြကြလွန်းလို့ ဘယ်သူက ဆရာ ဘယ်သူက တပည့်လဲ ဆိုတာ မသိနိုင် လောက်အောင် ပါပဲ။ ကိုယ့်အလှည့် ရောက်တာနဲ့ ရသလောက် တန်ခိုးတွေ ထုတ်ပြ ကြတာပဲ။ အရွယ်စုံ ဆိုဒ်စုံ ပါဝါစုံ အလုပ် စ၀င် ကတည်းက လှိမ့်နေအောင် ခံရဖူးတယ်။ လုပ်သက် ကြာလာတော့ လူတွေရဲ့ စိတ် အရောင်စုံ တွေကိုလည်း ပိုသိလာတယ်။ တချို့က ဘယ်သူ့ကို မဆို တန်းတူ ဆက်ဆံ တတ်သလို တချို့ကတော့ အထက်ဖား အောက်ဖိ ဆိုတဲ့ အထဲ ပါပါတယ်။ ၀င်စ ကတော့ အရမ်း စိတ်ညစ်တယ်။ ကိုယ့် ကိုယ်ကို မခုခံ တတ်ဘူး။ အိမ်ပြန်လာပြီး စိတ်ညစ်ရတာ အမြဲပဲ။ ကြာလာတော့ ဗိုလ်ကျ တဲ့သူ ဘယ်သူဆိုတာ သိပြီး ခပ် ရှောင်ရှောင်ပဲ နေလိုက်တယ်။ အမှန်ကတော့ မဟုတ် မခံ ဗိုလ်ကျ တဲ့သူကို ပြန်ချဲ သင့်တာ။ ပြန် မပြောရဲတဲ့ အတွက် အဲ့ဒါ ကိုယ့်ရဲ့ အားနည်းချက်လို့ အလုပ်ထဲမှာ အမြဲ ဝေဖန် ခံရတယ်။ ပြန် မပြော ရဲတာက အရိုးစွဲနေပြီး အလွယ်တကူနဲ့ ဖျောက်ပစ်ဖို့ ခက်သား။ ကိုယ်မှန်ရင် ပြန် ပြော ရဲဖို့ ဖြေးဖြေးချင်းတော့ ကြိုးစား နေပါတယ်။

မန်နေဂျာကြီး ပါဝါပြချင်နေတာကိုတော့ သိပါတယ်။ ကံကောင်း တာက (သူ မသိရှာ တာက) ကိုယ်လုပ်ရမယ့် အလုပ် တော်တော် များများက အင်တာနက် ကတဆင့် သွားတာ ဆိုတော့ အိနြေ္ဒ မပျက် အလုပ် လုပ်လို့ ရနေတယ်။ ဒီတော့ ကိုယ်လည်း စက်ကြီး တခုလုံး ပျက်သွားလို့ ပြန် မရတော့လည်း ဘာဖြစ်လဲ ဆိုတဲ့ ပုံစံနဲ့ပဲ နေလိုက်တယ်။ တကယ်လည်း သံဝေဂ ရပါတယ်။ ပစ္စည်း သင်္ခါရ လူ သင်္ခါရ ပဲလေ။ ဒီနေ့လည်း ကိုယ် အလုပ် မသွားဘူး။ သတင်း ကြားတာကတော့ ကွန်ပြူတာကို dell က မှာတာ မရလို့ တခြား နေရာ က မှာရမယ်တဲ့။ ကွန်ပြူတာ တလုံး ၀ယ်ဖို့ ဒီလောက် ခက်ခဲ နေတာ အခုမှပဲ ကြားဖူးတယ်။ ခရစ်စမတ် ရုံးပိတ်ရက် မတိုင်ခင် ရောက်လာ မလားလို့ စောင့်ကြည့် ရဦးမယ်။

Monday, 23 November 2009

နေရာ အသစ်

အိမ် ပြောင်းတာနဲ့ ပတ်သက်ပြီး ၀ိုင်း အကြံဉာဏ် ပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို ကျေးဇူး တင်တဲ့ အကြောင်း ပြောချင် ပါတယ်။ ကိုယ်တို့ကို ဘေးနားမှာ လာ ၀ိုင်းကူ ပြောပေး နေသလိုပဲ။ အိမ်က တယောက်ကို ကော်မန့်နဲ့ စီဗုံးမှာ ဖတ်ရ တာတွေကို ပြောပြ မိတယ်။ ပျောက်နေတဲ့ ဇနိမောင်နှံ ကတောင် အိမ် ပြောင်းတာ အဆင်ပြေ ပါစေလို့ အီးမေးထဲ ပြောလာတော့ အားလုံး သတိတရ ရှိကြတာ တကယ်ပဲ ကျေးဇူး တင်တယ်။ မိသားစု မောင်နှမတွေ လိုပဲ အားပေး ကြတာ အားရှိ စရာပါ။ အိမ် ပြောင်းတဲ့ နေ့မှာ ရာသီဥတုက သိပ်မဆိုးလို့ အားလုံး အေးအေး ဆေးဆေးပဲ ပြီးသွားတယ်။

နှစ်ယောက်သား ပိုင်ဆိုင်တဲ့ စာအုပ်တွေနဲ့ အ၀တ်အစားတွေကို သိမ်းဆည်းပြီး ကြည့်လိုက်တော့ သယ်စရာတွေ များသား။ ပရိဘောဂ ဘာမှ မပိုင်ဆိုင် လို့သာ တော်တော့တယ်။ မီးဖိုချောင်မှာ ရှိတဲ့ အိုးခွက် ပန်းကန်တွေလည်း မရှိဘူး ဆိုပေမယ့် စက္ကူဗုံး တဗုံးတော့ ရှိတယ်။ ပန်းကန် ခွက်ယောက်ကို ၂ခုစီပဲ ၀ယ်နေကျမို့ အစုံလိုက်ရှိတာပဲ ထည့်သိမ်း တော့တယ်။ ပစ္စည်းတွေ ထုပ်သိမ်း ပြီးတာနဲ့ သန့်ရှင်းရေး အကျအန လုပ်ရတယ်။ ကိုယ် ပြောင်းသွားပြီး သန့်သန့် ရှင်းရှင်း ချန်ထား ခဲ့ချင်တာလေ။ ရေချိုးခန်း အိမ်သာကို ပြောင်လက် နေအောင် ယောကျာ်းက တိုက်ချွတ် ဆေးကြောပြီး မီးဖိုချောင် ကိုတော့ လင်မယား နှစ်ယောက် တူတူ သန့်ရှင်းရေး လုပ်ကြတယ်။ မြန်မာ အစားအစာတွေ ချက်ပြုတ် ကြော်လှော် စားတဲ့ အကျိုးကတော့ ၂နာရီလောက် တိုက်ချွတ် လိုက်ရတာပေါ့။

အိမ်ရှင်ကို နှုတ်ဆက် စကားပြောတော့ အခန်းကို သပ်သပ် ရပ်ရပ် ထားခဲ့ပေးတဲ့ အတွက် ကိုယ်တို့ကို ချီးမွမ်း စကား ပြောပါတယ်။ ဗြိတိသျှ တွေနဲ့ မတူဘူးဆိုပဲ။ ၈နှစ် သူတို့ နဲ့ နေခဲ့တာ ဆိုတော့ ကိုယ်တို့ အကြာဆုံးပဲ ထင်ပါတယ်။ အိမ်ရှင် အဟောင်းကို လိပ်စာ အသစ် ပေးပြီး နှစ်ယောက်သား နေရာ အသစ်ကို ပြောင်းခဲ့ ကြတယ်။ အိမ်သစ် ရောက်တော့ သန့်ရှင်းရေး နဲ့ စ ရ ပြန်ရော။ ကိုယ်တို့ မပြောင်းခင်မှ အိမ်ရှင်က ရေချိုးခန်းနဲ့ မီးဖိုချောင်ကို အသစ်ထည့်တော့ ဆောက်လုပ်ရေး သမားတွေရဲ့ လက်ချက်နဲ့ တအိမ်လုံး ဖုန်ထူပြီး ပစ္စည်း တွေဆိုလည်း မဲသဲ နေတော့တာပဲ။ အိမ်ရှင်က ကုတင် မပေးတော့ ကုတင် ၀ယ်ရတယ်။ ကုတင် အမျိုး ကလည်း စုံသလား မမေးနဲ့။ တခါမှ မ၀ယ်ဖူးတဲ့ ပစ္စည်းမို့ ထုံးစံ အတိုင်း သူများ တွေကို မေးပြီး သင့်မယ် ထင်တာ ၀ယ်လိုက်တာ ဘာမှကို ထပ် မ၀ယ်နိုင် တော့ဘူး။ ပိုင်ဆိုင်မှု တစ်ခု တိုး လာတာပေါ့လေ။

ပါလာတဲ့ ပစ္စည်းတွေ နေရာ ချလိုက်တော့ အိမ် သေးသေး လေးလည်း တခါတည်း ပြည့်သွားတယ်။ ဒါပေမယ့် ကိုယ် နှစ်ယောက်တည်း နေတာ ဆိုတဲ့ အသိစိတ် တခု ထဲနဲ့ပဲ အတော်လေး စိတ် လွတ်လပ် ပါတယ်။ ခြေဆန့် လက်ဆန့် လုပ်လို့ရတဲ့ ဧည့်ခန်းလေး တခုလည်း ပါတော့ အိမ်နဲ့ ပိုတူ သွားတာပေါ့။ အိမ်နဲ့ အမြဲ နေနေရတဲ့ သူတွေ အဖို့ ဘာမှ မထူးဆန်း ပေမယ့် ကိုယ်တို့ အတွက်တော့ ကိုယ် မပိုင်တဲ့ အိမ်ကလေးမှာ သီးသန့် နေရတာ တကယ်ပဲ ကံကောင်းတယ် လို့ ယူဆ ပါတယ်။ အိမ်သစ်တက်ပွဲတော့ မလုပ်ရသေးဘူး။ စပါယ်ရှယ် တခုခု ချက်ပြီး အားလုံးကို ထပ်ဖိတ်ပါ့မယ်။