Friday 6 February 2009

ပစ္စည်းအဟောင်းဈေးကွက်

သူများတွေ လှူတာကို ဆိုင်တင်ပြီး ပြန်ရောင်းတဲ့ charity shop တွေ အကြောင်း ဒီမှာ ရေးဖူး ပါတယ်။ ကျွန်မလည်း ရောက်စက ပစ္စည်း အဟောင်း ရောင်းဝယ်ရေး နဲ့ သိပ် မရင်းနှီး လှပါဘူး။ နောက်တော့လည်း ဒီဈေးကွက် အကြောင်း အတော်လေး စိတ်ပါ လာတာနဲ့ အခုဆို နည်းနည်း ပါးပါး တီးမိ ခေါက်မိ သလောက် ရှိနေပြီ။ charity shop တွေမှာ စုံစီနဖာ ကြိုက်တာ လေးတွေ တွေ့ရင် ၀ယ်တာပဲ။ စာအုပ်၊ စီဒီ နဲ့ အသုံးတည့်မယ့် ပစ္စည်းလေးတွေ၊ တူမလေး အတွက် ကလေး စာအုပ်တွေ ၀ယ်ဖြစ်တယ်။ ပစ္စည်း တန်ဖိုးက ၁၀ပြားကနေ စရှိပါတယ်။

သူငယ်ချင်း တယောက် ခေါ်သွားလို့ ရောက်သွားတဲ့ နောက် အဟောင်း ဈေးတန်း တခု ကတော့ ဥယျာဉ် ခြံမြေ ပစ္စည်းတွေနဲ့ ပေါင်းပြီး ဖွင့်ထားတာ။ ရောင်းတာကတော့ အစုံပဲ။ အရုပ်၊ စာအုပ်၊ ဓါတ်ပြား၊ ပန်းထိုးဇာ၊ အ၀တ်အစား၊ ပန်းကန် ခွက်ယောက်၊ လက်ဝတ်ရတနာ၊ ပရိဘောဂ ကြိုက်တာ ၀ယ်လို့ရတယ်။ ဈေးနှုန်း လေးတွေ ချိတ်ထားတယ်။ မှန်ဗီရိုထဲမှာ တချို့ကို ထည့်ထားတယ်။ ပန်းပင်၊ သစ်စေ့ နဲ့ ခြံသုံး ပစ္စည်းတွေ ၀ယ်ရင်း သွားငေးလို့ ရတယ်။ မောလာလျှင် ကော်ဖီ နဲ့ မုန့်လေး ထိုင်စားလို့ ရသေးတယ်။ ဒီလို ဆိုင်တွေကတော့ charity shop တွေထက် နည်းနည်း ဈေး ပိုကြီးတယ်။

village hall လို နေရာမျိုးမှာလည်း စိတ်ဝင်စား စရာ ပစ္စည်း အဟောင်း မျိုးစုံကို ရောင်းတာမျိုးလည်းရှိတယ်။ ၁၉၅၀ က ပိုက်ဆံအိတ် (အထဲမှာ မှန်လေးတစ်ချပ်တောင် ပါသေးတယ်) နောက် ရင်ထိုး၊ နားကပ်၊ မိန်းမ ပီပီ လှတာတွေ့ရင် မနေနိုင်ပါဘူး။ သူတို့ ကျတော့ ၀ယ်ပြီး ပြန်ရောင်း တာပါ။ အဟောင်းလို့ ပြောရောင်း ပေမယ့် ပုံစံ ပဲ ဟောင်းထား တာလည်း ဖြစ်နိုင်ပါတယ်။ တခါတလေ ၀င်ကြေးတောင်းတယ်။ ရှေးဟောင်း ပစ္စည်း မစစ်လည်း ကြိုက်တာ တွေ့လျှင်တော့ ၀ယ်ဖြစ်ပါတယ်။

အားလပ်ရက်မှာ လုပ်တတ်တဲ့ အဟောင်းပစ္စည်း ဈေးရောင်းပွဲ car boot sale မှာတော့ မိသားစု လိုက်လာပြီး သူတို့ အတွက် အသုံး မ၀င် တော့တာတွေ လာရောင်း လေ့ရှိတယ်။ ဈေးဆစ်လို့လည်း ရတယ်။ ပါသမျှ အကုန် ရောင်းမယ်လို့ စိတ် ပိုင်းဖြတ် ထားကြသူများမို့ ဈေးချို တတ်ပါတယ်။ ၀ါသနာ ပါသူများ ကတော့ ဒီလို ဈေးရောင်းပွဲ တွေကို ပုံမှန်သွားပြီး ပေါ ချောင် ကောင်း လေးတွေ လိုက်ဝယ်တတ်ပါတယ်။ ဈေးရောင်းသူ dealer တချို့ကလည်း car boot sale ကနေ ပစ္စည်းတွေ လိုက်ဝယ် ပြီးတော့ မှန်ဗီရို ထဲထည့်ပြီး ပြန်ရောင်း တာပေါ့။

ဒီလိုမျိုး ဈေးဆိုင်တွေ ကို လျှောက်သွား ကြည့်ရင်း တနေ့တော့ မျက်စိလည်ပြီး Portobello market ကို ရောက်သွား ပါလေရော။ သူတို့ရဲ့ အဟောင်းဈေးက မိုးပေါ်မှာ။ ၀ယ်သူ တွေကလည်း တခြား နိုင်ငံက လူတွေ များတယ်။ အသေးအမွှား ကနေ ပရိဘောဂ လက်ဝတ်ရတနာ အကုန်ရတယ်။ နားကပ်လေး တစ်ခု လှလို့ မေးကြည့်တာ ၃၅၀ တဲ့။ ပိုက်ဆံ အထပ်လိုက် ကိုင်ပြီး တိုးဝယ်နေတဲ့ သူတွေ လည်း ရှိသေးတယ်။
တီဗီမှာ ပုံမှန် လာတဲ့ Antique Roadshow အစီအစဉ် မှာတော့ ပစ္စည်းတွေရဲ့ တန်ဖိုးပါ ဖြတ်ပေးတဲ့ နားလည် တတ်ကျွမ်းတဲ့ သူတွေ ပါ လာလို့ လူတွေက ကိုယ့်ရှိသမျှ အဟောင်း တွေထဲက တန်ဖိုး ရှိမယ် ထင်တာလေးတွေ ယူသွားပြီး ပြကြတယ်။ car boot sale က ပြား ၅၀ လောက်နဲ့ ၀ယ်တာမျိုးက ၄၀၀ လောက် တန်နေတယ် လို့ ကြားလျှင် အာမေဍိတ် သံ အမျိုးစုံ ကြားရတယ်။ သူတို့ လူမျိုးကိုက အဟောင်းတွေ သိမ်းတာ ၀ါသနာ ပါတယ်လို့ ပြောရမယ်။ အဟောင်း ဈေးကွက်က ဒီလောက် ကျယ်ပြန့်တာပဲ ကြည့်လေ။ အိမ် အရှင်းသန်တဲ့ ကျွန်မ အခုတော့ အဟောင်းလေးတွေ တွေ့လျှင် တန်ဖိုးများ ရှိနေနိုင်မလား လို့ တွေးတတ်နေတယ်။

7 comments:

khin oo may said...

စိတ်ဝင်စားစရာဘဲ
သုမောင်ပြောတာ သတိရမိသေးတယ်။ (ထင်တာဘဲ ပြီးရင် တလွဲတွေဖြစ်ပြီး နောက်တစ်ယောက် ကလာပြင်ပေးရတာ ထုံးစံပါ)
သူ့ဗောက်စဝက်ဂွန်လား..မာစီဒီဒလား အဟောင်း ကို အတင်းလာဝယ်တယ် ဆိုတာ
(သိတဲ့သူဆက်ပြော..ထုံးစံအတိုင်း..)

MrDBA said...

လာဖတ်သွားတယ်ဗျာ

nu-san said...

အဟောင်းဈေးကွက်ကို အမလည်း စိတ်ဝင်စားတယ်.. ဒါပေမယ့်တခါလားပဲ ရောက်ဖူးလိုက်တယ်.. နာဂစ်မုန်တိုင်းတုန်းက အသိအမတစ်ယောက်က ခေါ်လို့ လိုက်သွားတာ.. အဲဒီ အမရဲ့ ကျောင်းက ဂျပန်ဆရာမတွေက သူတို့ ပစ္စည်းတွေ ကို ရောင်းပြီး ရတဲ့ပိုက်ဆံကို အလှူလုပ်တာဆိုတော့ အမတို့က သွားကူရောင်းပေးတာ.. ဆရာမတွေက အလှူအတွက်ဆိုတော့ ဈေးသိပ်မတင်ထားကြဘူး။ တချို့လည်း သူတို့ လက်ရာ အိတ်လေးတွေ ပိုက်ဆံအိတ်တွေ လုပ်ပြီး လာရောင်းတာမျိုးကျ ဈေးကြီးတယ်... :)

Moe Cho Thinn said...

တို့လဲ အဲဒီလို ဈေးလေးတွေ လိုက်ကြည့်ရတာ စိတ်ဝင်စားတယ်။ ဘာရှိမယ်၊ ဘာရောင်းမယ်မှန်း မသိဘဲ သွားရတဲ့ အရသာ၊ မထင်တာတွေ့လို့ အံ့သြရတဲ့ အရသာကို သဘောကျမိလို့ ထင်တာပဲ။ ပစ္စည်းတွေက အမျိုးစုံပဲကိုး။
မမ မေးခွန်းကို ပြန်ဖြေရရင် သုမောင် ၀ယ်တာ ရှေးဟောင်း မာစီးဒီး ကားလေးပါ။ စင်ကာပူက သူဌေးတယောက် ဈေးကောင်းပေးပြီး ၀ယ်သွား တယ် လို့ ရွှေ မှာ ဖတ်ဖူးတယ်။ (မမှန်ရင် ပြင်ပေးသွားကြပါ..မမကို အားကျလို့ ဟိ..)

ဇနိ said...

အဲသလိုတွေ သွားရတာ ကြည့်ရတာ ငေးရတာ စိတ်ဝင်စားတယ်.. ကျနော် ဒီမှာတော့ တခါမှ မတွေ့ဖူးသေးဘူး။ ကျနော် မသိတာလည်း ဖြစ်နိုင်ပါတယ်

pandora said...

ဟုတ်တယ်နော်... တခါတခါ အဟောင်းလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။
သုံးချင်သူနဲ့ကိုက်သွားတော့လည်း ပြန်အသုံးဝင်သွားတတ်တာပဲ။

Anonymous said...

ရှေးဟောင်းဆိုင်တွေကို စိတ်ဝင်စားတယ်။ လမ်းကြုံတိုင်း သွားကြည့်မိတယ်။ တစ်ချို့ဟာလေးတွေက ဆန်းလဲဆန်းတယ်။ ဒါပေမယ့် ၀ယ်ဖို့လန့်တယ်။ ပိုင်ရှင်က စိတ်စွဲပြီး သရဲခြောက်မှာ ကြောက်တယ် ဟီးဟီး/
ma har ban du la
mm