Monday, 27 July 2009

ဘုရားကျောင်း

ဒီမြို့လေးကိုရောက်တော့ အနီးနား တ၀ိုက်မှာ ဘုရားကျောင်း တက်ဖို့ လိုက်ရှာတယ်။ သူငယ်ချင်းက ညွှန်လို့ ဒရမ်တွေ တီးပြီး ၀တ်ပြု ကိုးကွယ်ခြင်း အစီအစဉ် လုပ်တဲ့ ဘုရားကျောင်းကို ရောက်သွားတယ်။ ငယ်ငယ်ထဲက လက်အုပ်ချီ မျက်စိမှိတ်ပြီး တိတ်တိတ်လေး ဆုတောင်းစာတွေ ရွတ်ရတဲ့ အလေ့အထနဲ့ မတူတာနဲ့ပဲ ဘုရားရှိခိုး ရတာ အားမရဘူးဆိုပြီး နောက် ဘုရားကျောင်း တခု တွေ့လိုတွေ့ငြား လမ်းလျှောက် ထွက်တိုင်း လိုက်ကြည့်မိတယ်။ တနှစ်ကြာတော့ နှစ်သစ်ကူးည ဆုတောင်းပွဲတွေ လိုက်ရှာရင်း ကိုယ့်အိမ်နဲ့ နီးတဲ့ ဘုရားကျောင်း တကျောင်း သွားတွေ့တယ်။ အဲ့ဒီ ညကစပြီး ဒီဘုရားကျောင်း ကိုပဲ စွဲစွဲမြဲမြဲ တက်ဖြစ်သွားတာပါပဲ။ ဘုန်းကြီး အပါအ၀င် ဘုရားကျောင်း တက်သူပေါင်း ၂၀အောက်ပဲ ရှိပါတယ်။ အဘိုး အဘွား အရွယ်တွေ များပါတယ်။ သီချင်းဆိုတဲ့ အဖွဲ့ထဲမှာတော့ ကျောင်းသားတွေ ရံဖန်ရံခါ ပါတတ်တယ်။

အဲ့ဒီ ဘုရားကျောင်းမှာက အလှူငွေကို ရန်ကုန်မှာလို အိတ်တွေနဲ့ လိုက်မခံဘူး။ ဗန်းကလေး တခု အ၀င်ဝက စားပွဲပေါ်မှာ တင်ထားတယ်။ တနေ့တော့ အဘွား တယောက်က လာမေးတယ်။ ပုံမှန် အလှူငွေ ထည့်ဖို့ စာအိတ် ယူမလားတဲ့။ ဘုရားကျောင်း အတွက် အကျိုးပို ရှိစေတဲ့ အကြောင်းလည်း ပြောပြတယ်။ gift aid လို့ခေါ်ပါတယ်။ ကိုယ်က ၁ကျပ် လှူရင် ဘုရားကျောင်းက အစိုးရဆီက ၂၈ပြား ရလို့ စုစုပေါင်း ရတဲ့ အလှူငွေက ၁ကျပ် ၂၈ပြား ဖြစ်သွားပါတယ်။ လှူတဲ့သူက အခွန် ပေးဆောင်နေတဲ့သူ ဖြစ်ရပါမယ်။ (အမြတ်အစွန်း မယူတဲ့ ဘယ် အဖွဲ့အစည်း ကိုမဆို လှူရင် gift aid form ဖြည့်ပေးလိုက်ရုံနဲ့ ကိုယ့်အလှူရဲ့ ၂၈%ကို သူတို့ အပိုရတာမို့ အချိန် ၁မိနစ်လောက် အကုန်ခံပြီး form ကိုဖြည့်ပါတယ်။ )

တနေ့တော့ ဘုန်းကြီး တရားဟောတဲ့ အထဲမှာ ဘုရားကျောင်းကို ကိုယ့်ဝင်ငွေရဲ့ ၅% လှူဖို့ ပါတယ်။ ကိုယ့်အတွက်တော့ တွေးစရာ တခု ရသွားတယ်။ အလှူငွေဆိုပြီး ဘယ်ရွေ့ ဘယ်မျှ လို့ ဘာကြောင့် ပြောရတာလဲပေါ့။ ရန်ကုန်မှာတုန်းက အသင်းသားတွေဟာ အကြောင်း တခုမဟုတ် တခုပြပြီး ဘုရားကျောင်းကို ကျေးဇူးတော် ချီးမွမ်းဖို့ လှူကြပါတယ်။ ဥပမာ တိုင်ကပ်နာရီတွေ လှူကြလွန်းလို့ ဘယ်နား ကြည့်ကြည့် နာရီတွေချည်းပဲ။ မွေးနေ့အတွက် ပန်း ဖယောင်းတိုင် လှူတဲ့သူ မုန့်နဲ့ စပျစ်ရည် လှူတဲ့သူ အစရှိသဖြင့် လှူကြတာ ကိုယ့်အလှည့် ရောက်ဖို့ မနဲ စောင့်ရတာမျိုးပါ။ ဘုရားကျောင်း ပြင်ဆင် မွမ်းမံဖို့ အလှူခံရင်လည်း ဘယ်လောက် ကုန်ကျမယ်လို့ပဲ ပြောတာ ကြားရပြီး တယောက် ဘယ်လောက် ထည့်ပါလို့တော့ ပြောလေ့ မရှိပါဘူး။ သူတို့ ဓလေ့နဲ့ ကိုယ့်ဓလေ့ ကွာတာနော်။

တလောကတော့ သတင်းစာထဲမှာ ဒီလို ပါလာတယ်။ ဘုရားကျောင်း သွားတယ် ဆိုတာ တခြားသူတွေနဲ့ အတူ ဘုရားရှိခိုးဖို့ပါ။ မိတ်ဆွေ အသစ်တွေနဲ့ မိတ်ဖွဲ့ရတာ၊ အချင်းချင်း အားပေးကြတာ၊ အကူအညီ လိုရင် တောင်းရတာ စသဖြင့် လူမှု ဆက်ဆံရေး အတွက်လည်း အရေးပါ ပါတယ်။ နေရာ အသစ်ကို ရောက်လာတဲ့ သူတွေ မိသားစုနဲ့ ဝေးနေသူတွေ အဖို့ ဘုရားကျောင်း ကတဆင့် လိုအပ်တဲ့ သတင်း အချက်အလက်နဲ့ အကူအညီတွေရော မိတ်ဆွေသစ်တွေပါ ရတတ်တာမို့ ကိုယ့်အတွက်တော့ လောကီ လောကုတ္တရာ အကျိုး ရှိပါတယ်။ ကိုယ်ခံစားရတဲ့ ကောင်းကြီးတွေအတွက် ကျေးဇူးတော် ချီးမွမ်းတဲ့ အနေနဲ့ နိုင်သလောက် အလှူငွေလည်း ထည့်ပါတယ်။ အိမ်ပြန်ပါလာတဲ့ ၀င်ငွေရဲ့၅% ရယ်လို့ ဆိုပြီးတော့ တွက်ချက်ပြီးတော့ မလှူမိပါဘူး။ နှစ်တိုင်း အောက်တိုဘာလ ရောက်ရင် ဘုန်းကြီးက ၅% တရားဟောတယ်။ ကိုယ်ကလည်း ရာခိုင်နှုန်း မတွက်ဘဲ နိုင်သလောက် စာအိတ်လေးထဲ ထည့်လှူတာ ၇နှစ် ပြည့်တော့မယ်။

16 comments:

Nu Thwe said...

Welcome back, Mia. Nice to read your new post. Keep it going, dear.

Anonymous said...

ဒီက ဘုရားကျောင်းတွေ အတော်များများ မဟေသီနဲ့အတူ လိုက်တက်ဖူးပါတယ်... RC အပါအ၀င် တခြား ကျောင်းတွေရောပေါ့ .... ဒါပေမယ့် ၅%လှူဖို့ တရားဟောတာ ဘယ်ဘုရားကျောင်းမှ မကြားဖူးပါဘူး...
အဲသည်မှာတော့ ဘယ်လိုဖြစ်တယ် မသိ...
RC နဲ့တူတယ် ကြည့်ရတာ...

ATN

PAUK said...

ဒီက ကိုရီးယားဘုရားကျောင်းတွေလဲ..
ဒီလိုပဲ ရာခိုင်နှုန်းလိုက်လှူရတယ် ပြောတယ်..။။
(စကားမစပ်..မမီယာ မတွေ့တာကြာပြီနော်)

MANORHARY said...

မီယာ
one tenth offering ဆိုတာ bible ထဲမှာလည်းပါပါတယ်။ ငါးရာခိုင်နှုန်းဆိုတာတောင် နည်းနေပါသေးတယ်။ အဓိက က ဘယ်ရွေ့ဘယ်မျှလှူပါလို့ တောင်းဆိုတာမဟုတ်ပါဘူး
ပြန်ရှာဖတ်ကြည့်မယ်ဆိုရင် one tenth offering ရဲ့ အကျိုးကျေးဇူးတွေကိုလည်းတွေ့ရပါလိမ့်မယ်
Immanuel Baptist Church မှာဆို offering က သုံးမျိုးရှိပါတယ်။တစ်မျိုးက one tenth ပါ။ link တစ်ခုထည့်ပေးလိုက်ပါတယ်။
ဖတ်ကြည့်ပေးပါ။
http://bibleencyclopedia.com/one-tenth.htm
RC ရယ် Baptist ရယ် Methodist ရယ်မဟုတ်ပါဘူး ..

Moe Cho Thinn said...

သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းတာ ကောင်းတဲ့အလုပ်ပါပဲ မီယာ။
စာပြန်ရေးလို့ ၀မ်းသာတယ်ဝေ့..

ပန်းခရမ်းပြာ said...

မီယာ ပျောက်နေလိုက်တာ။
စေတနာ ရှိသလောက် လှူရတာ အကောင်းဆုံးပဲလေ။

PhotoVigor said...

Hi..happen to visit your blog,nice post. keep going..

မမသီရိ said...

မဟာမေဒင် ဘာသာ မှာလဲ ရာခိုင်းနှုန်းနဲ့ သတ်မှတ်တာရှိတယ်လို့ မှတ်သားဖူးတယ်
မီယာ က မြန်မာ ဆိုတော့.. မိုးချို ပြောသလို
သဒ္ဒါ တတ်အား နည်းများ မဆို ဆိုတဲ့ ခံစားချက်လေးရှိနှင့်နေတယ်နဲ့ တူပါရဲ့..

စာတွေ ရေးပါ မီယာရေ
မမ တို့ လွမ်းနေတာပါ

khin oo may said...

တို့လဲမီယာလိုဘဲ။

rose of sharon said...

MANORHARY ပြောသွားတာမှန်ပါတယ်... ဒို့ဖေဖေဆိုသူ့လခရဲ့၁၀ပုံတပုံကိုအမြဲလှုတယ်... ဒို့အလုပ်လုပ်တုန်းကလဲအဲလိုလှုတယ်...အခုယောင်္ကျားလုပ်စာထိုင်စားနေရလို့အဲလိုမလှုရတာ ကြာပြီ.. ဘာလို့၅%ဘဲလှုခိုင်းတာလဲမသိဘူးနော်...

Anonymous said...

ဒီက ဘုရားကျောင်းမှာလဲ တတ်အားသရွေ့ပဲလှူခိုင်းတာများတယ်။ တတ်နီုင်တဲ့သူတွှေကတော့ ဆယ်ပုံတစ်ပုံလှူပါတယ်။ ၅ရာခိုင်နှုန်းက သိပ်အဆင်မပြေတဲ့သူတွေ ထည့်နိုအောင်များလား သတ်မှတ်တာလားလို့။
mm

:P said...

ဗဟုသုတမှတ်သွားပါတယ်။ ပို့စ်ရော၊ ကောမန့်တွေရောမှ

မေဓာဝီ said...

ဘယ်နှစ်ရာခိုင်နှုန်းပဲ လှူလှူပါ ...
ကိုယ့်ရဲ့စိတ်က သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ လှူဖြစ်ဖို့က အရေးကြီးတယ်လို့ ထင်တာပဲ။
သတ်မှတ်ချက် တခုကြောင့် စိတ်မပါဘဲ မဖြစ်မနေ လှူရတာဆိုရင်တော့ ပိုက်ဆံကုန်ပြီး အကျိုးသိပ်မရှိနိုင်ဘူး မဟုတ်လား။
မီယာရဲ့ ပုံမှန် အလှူဒါန အတွက် သာဓုခေါ်ပါတယ်ရှင် .. ။

nu-san said...

မမီယာရေ.. ၅ % မှ မဟုတ်ပါဘူး..ကိုယ်အဆင်ပြေသလို လှူရတာဆိုတော့ လှူဖြစ်ဖို့ကသာ အဓိကလို့ ထင်ပါတယ်... နောင်လည်း အမြဲတမ်းလှူနိုင်ပါစေနော်..:)

Rita said...

စိတ်ဝင်စားဖို့ကောင်းတဲ့ post လေး ဖတ်ရလို့ ၀မ်းသာမိပါတယ်။ ကျွန်မတော့ အပြင်လမ်းများနေတာနဲ့ အခန်းဆက်ကြီး မဆက်နိုင်ဖြစ်နေတယ် မမရယ်။

မွန် said...

ဒီအကြောင်းအရာလေးရေးဖို့ စိတ်ကူးရတဲ့ မမကိုလေးစားပါတယ်
ပြီးတော့ အပေါ်မှာရေးသွားကြသလိုပဲပေါ့ ဘာသာတိုင်းမှာ အလှူဆိုတာ ကောင်းသောစိတ်ရဲ့ ကိုယ်ပွားပါပဲဆိုတာလေး တွေးမိသွားတယ်