Monday, 24 August 2009

ဝိညာဉ်များနဲ့ ဆက်သွယ်ခြင်း

ဒီနေ့ မိတ်ဆွေ တဦးက ကွယ်လွန်သူ သူ့အမေရဲ့ ၀ိညာဉ်နဲ့ ဆက်သွယ် ဖြစ်တဲ့ အကြောင်း ပြောပြတာ နားထောင် ရတယ်။ အများအားဖြင့် အမျိုးသမီး မဂ္ဂဇင်းတွေနဲ့ အပျော်ဖတ် သတင်းစာတွေမှာ သေဆုံးသွားတဲ့ သူတွေရဲ့ ၀ိညာဉ်နဲ့ ဆက်သွယ် ပေးမယ့် ကြားခံ လူတွေ အကြောင်း ကြော်ငြာ ပါလေ့ ရှိပါတယ်။ တဦးချင်း ကြားခံ ဆက်သွယ် ပေးတာ ရှိသလို အဖွဲ့အစည်းနဲ့ ကြီးကြီး မားမား လုပ်နေကြတာလည်း ရှိပါတယ်။ ဒီအကြောင်း ပြောပြတဲ့ မိတ်ဆွေက Spiritualist Association of Great Britain မှာ သွားမေးတာပါ။ ကွယ်လွန်သွားတဲ့ သူ့အမေက သူတို့ မောင်နှမတွေ တယောက်ကို တယောက် စောင့်ရှောက်ကြတာ ၀မ်းသာတဲ့ အကြောင်း၊ တဦးတည်းသော မြေးလေးက ကမ္ဘာအနှံ့ သွားနေရတဲ့ အလုပ် အကိုင်မျိုး ရလို့ ကျေနပ်တဲ့ အကြောင်း၊ နောက်ပြီး သူ့အမေ အသက်ရှင်စဉ်က တချို့ ကိစ္စတွေမှာ ချိုချို သာသာ စကား မဆိုမိတာ သူ့ကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူးလို့ ကြားခံလူက တဆင့် သူ့ကို ပြောတယ် လို့ ပြောပြပါတယ်။ အဲ့ဒီ စကား ကြားလိုက်ရတော့ သူ့စိတ်ထဲ အတော်လေး သက်သာရာ ရတယ်လို့ လည်း ဆိုပါတယ်။ ဘာလို့လည်း ဆိုတော့ တခါတရံ သူ့အမေ ပြောတဲ့ စကားတွေဟာ သူ့အတွက် နာကျင်စရာ ဖြစ်နေတတ်လို့ ပါတဲ့။

ဒီကြားခံ လူတွေကို ယုံကြည်ပြီး ဆက်သွယ် မေးမြန်းတဲ့ သူတွေ ရှိသလို အဆိုး မြင်တဲ့ သူတွေလည်း ရှိပါတယ်။ အနီးစပ်ဆုံး ကိုယ် လုပ်ဖူးတာ ကတော့ ငယ်ငယ်က ကြို့ပင်ကောက်ကို အလည်သွားရင်း သူများတွေ လေချွန်နတ် မေးတာ လိုက်သွားဖူးတယ်။ ညဖက်မှ သွားမေးရတာဆိုတော့ ဘာမှ သဲသဲကွဲကွဲ မမြင်ရတဲ့ အပြင် ခွေးတွေကလည်း အပြင်ကနေ ဆွဲဆွဲ ငင်ငင် အူနေ ကြသေးတယ်။ သူငယ်ချင်းတွေ ဘာမေးကြလဲတော့ မသိဘူး၊ ကျောချမ်းသလို ဖြစ်လာတာနဲ့ အပြီးထိ မနေဘဲ အသာလေး ပြန်ထွက် လာခဲ့တယ်။

သူ့ ကိုယ်တွေ့ကို စိတ်ရှည် လက်ရှည် ပြောပြနေတဲ့ မိတ်ဆွေကို နားထောင်ရင်း ကွယ်လွန်သွားတဲ့ ကိုယ့်မိဘတွေ ကိုလည်း သတိရနေမိတယ်။ မိဘ နှစ်ပါးလုံး သားသမီးတွေ အလုပ်အကိုင်နဲ့ အခြေတကျ မဖြစ်ခင်မှာ ဆုံးပါး သွားကြတာမို့ အခုလို အချိန်မှာ သူတို့သာ အသက်ရှင်လျက် ရှိနေသေးလျှင် ဆိုတဲ့ အတွေး မကြာခဏ ၀င်ပါတယ်။ ငယ်ငယ်က နားမလည်နိုင်ခဲ့တဲ့ ကိစ္စတွေကို အခု နားလည်နိုင်လာတော့ သူတို့ကို ပြောချင်တဲ့ စကားတွေလည်း ရင်ထဲ အပြည့်ပဲ။ သမီးကို အမြဲ အရေးပေး ဆက်ဆံတဲ့ အဖေ့ကို ကျေးဇူးတင်တဲ့ အကြောင်း ထပ်ခါထပ်ခါ ပြောချင်သလို ဆယ်ကျော်သက် အရွယ် သမီးပျိုကို သူငယ်ချင်းအိမ် ညအိပ် မလွှတ်တဲ့ အမေ့ကိုလည်း အခု ကိုယ်ချင်းစာ နားလည်နိုင်တဲ့ အကြောင်း ပြောပြချင်ပါတယ်။

ချော့ကလက်တို့ ဒိန်ခဲတို့ ကို ခုံခုံ မင်မင် စားတတ်တဲ့ အမေ့ကို စားချင် သလောက် စားပါလို့ ၀ယ်ကျွေးချင်တယ်။ စာအုပ်ဆိုင်နဲ့ စာကြည့်တိုက် တွေထဲ ရောက်တိုင်း အဖေ့ အကြိုက် စာအုပ်တွေ ဖတ်ချင်တာ ဖတ်ပါ လို့ ပြောချင်တယ်။ ကွန်ပြူတာ ခေတ် မမီလိုက်တဲ့ အဖေက အင်တာနက်မှာ ကြိုက်တဲ့ အချက်အလက်တွေ ရှာလို့ ရတာကို ဘာထင်မြင်ချက်တွေ ပေးဦးမလဲ လို့လည်း သိချင်တယ်။ ကွန်ပြူတာမှာ solitaire ဆော့တဲ့ အမေက လက်ကိုင်ဖုန်းမှာလည်း ကစားလို့ ရတာ သိလျှင် ငါ့ကို တခုလောက် ၀ယ်ပေးစမ်းလို့ ပြောမှာလည်း မြင်ယောင်တယ်။ သူငယ်ချင်းတွေ လာလျှင် scrabble ကို ညလုံးပေါက် ဆော့တဲ့ အဖေ့ အတွက် online scrabble ပေး ကစားချင်တယ်။ အမေတို့ ခေတ်က ရုပ်ရှင်တွေ သီချင်းတွေ ကို အမေ သိမ်းထားဖို့ ၀ယ်ပေးချင်တယ်။ နေရာ အနှံ့က အမေတို့ အဖေတို့ရဲ့ မိတ်တွေတွေ နဲ့ သူတို့ရဲ့ သားသမီးတွေကို မျက်နှာ စာအုပ် ကတဆင့် ပြန်တွေ့ရတဲ့ အကြောင်း ပြောလျှင် ထူးဆန်းတယ်လို့ ပြောကြဦးမလား မသိ။

တနေ့ တချိန်တော့ ခွဲကြရမယ်ဆိုတာ သိပေမယ့် ဘယ်အချိန်လဲ ဆိုတာ အတိအကျ မသိနိုင်တော့လည်း ကြိုတင် ပြင်ဆင်မှုတွေ နည်းပါး ခဲ့ပါတယ်။ ကိုယ့်ဘက်က ပြောချင်တာတွေ လုပ်ပေးချင်တာတွေ အများကြီး ရှိနေသေးသလို သူတို့ မှာလည်း ရှိမှာ သေချာပါတယ်။ အချိန် အခါ မရွေး၊ နေရာ ဒေသ မရွေး၊ အရွယ် မရွေးတဲ့ သေခြင်း တရားက ခွဲခွာ ရတော့မယ် ဆိုတာကို နည်းနည်း လေးတောင် အရိပ်အမြွက် မပြခဲ့ပါဘူး။ ဒါကြောင့်လည်း ပြောစရာတွေ လုပ်ပေးစရာတွေ တပုံကြီး ကျန်နေခဲ့တာပေါ့။ ကြားခံလူတွေက တဆင့် ဘယ်လောက်ပဲ ပြောပြော၊ ဘယ်လောက်ပဲ ကြားရ၊ စိတ်ကျေနပ်မှုတော့ ရနိုင်မယ် မထင်ပါဘူး။ ကိုယ်တိုင် ကိုယ်ကျ ပြောရ ပြုရတာနဲ့တော့ ဘယ်လိုမှ မတူနိုင်တာ အမှန်ပဲလေ။ အခုတော့ သူတို့ အသက်ရှင်စဉ်က ပျော်စရာ အတွေ့အကြုံ အမှတ်တရ အကြောင်းတွေကိုပဲ ပြန် စဉ်းစားရင်း ၀မ်းနည်းတာကို ဖြေသိမ့်နေလိုက်တယ်။

Thursday, 6 August 2009

ကွဲပြားခြားနား ဓလေ့များ

ကြုံဖူးတဲ့ ကိုယ့် တိုင်းပြည်က ဓလေ့ ထုံးစံတွေနဲ့ ကွဲပြားတဲ့ သူတို့ရဲ့ ဓလေ့တွေကို မှတ်မိ သလောက် ရေးထားတာ။ အခု ထက်ထိ တခုပြီး တခု သင်ယူ မှတ်သား နေရတုန်းပဲ။ တချို့ကတော့ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင် မိသားစုနဲ့ ဆိုင်တယ်၊ တချို့ကျတော့လည်း ဒေသအလိုက် ကွဲတဲ့ ဓလေ့။ ဘာပဲဖြစ်ဖြစ် ရေကြည်ရာ မြက်နုရာ နေထိုင် သွားလာ နေရတဲ့ ခေတ်ကြီးမှာ တခြား လူမျိုးတွေရဲ့ ဓလေ့ ထုံးစံတွေကို လေ့လာခွင့်ရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

အရင်က လက်ဆောင် ရရင် ကျေးဇူး တင်ပါတယ် လို့ ပြောပြီး လက်ဆောင်ကို အသာ အယာလေး သိမ်းထားလိုက်တယ်။ အိမ် ရောက်မှ ဖြစ်ဖြစ် ပေးတဲ့လူ ပြန်သွားမှ ပဲ ဖြစ်ဖြစ် လက်ဆောင်ကို ဖွင့်ကြည့်တယ်။ နိုင်ငံရပ်ခြားကို ရောက်တော့ ဒီ အကျင့် လေးလည်း ပါလာတာပေါ့။ ဒါပေမယ့် သူတို့က ကိုယ့်လို မဟုတ်ပါ။ လက်ဆောင်ရတာနဲ့ ၀မ်းသာတဲ့ မျက်နှာနဲ့ လက်ဆောင်ထုပ်ကို ချက်ချင်း ဖွင့်ကြည့်ပြီး လက်ဆောင်က လှတဲ့ အကြောင်း သူ့အတွက် ဘယ်လို အသုံးဝင်မယ့် အကြောင်း စသဖြင့် ရွှန်းရွှန်းဝေအောင် ပြောတတ်ကြတယ်။ သူငယ်ချင်း တယောက်ဆို သူ့ကို ပေးတဲ့ hand lotion ကို ချက်ချင်း ဖေါက်ပြီး ကိုယ့်ရှေ့မှာပဲ သုံးလိုက်တယ်။ အနံ့လေးက ကောင်းလိုက်တာ သူ့အကြိုက်ပဲလို့လည်း ပြောသေးတယ်။ တကယ် ဟုတ် မဟုတ်တော့ သူပဲသိမယ်။ ပေးရတဲ့သူ ကတော့ စိတ်ချမ်းသာသွားတာ အမှန်ပဲ။

မှတ်မိသလောက် လူရှေ့မှာ တော်လိုက်တာ လိမ္မာလိုက်တာလို့ မိဘက ကိုယ်တို့ မောင်နှမတွေကို ချီးမွမ်းတာ မရှိခဲ့ဘူး။ တခြားသူက ချီးမွမ်းရင်တောင် အိမ်ကျယ်တွေပါ အတူနေမှ အကြောင်း သိမယ် စသဖြင့် နှိမ့်ချပြီး ပြောသေးတာ။ ကိုယ့် အမေဆို ကြွားတယ် ဖြစ်မှာစိုးလို့တဲ့ သူ့သမီး ဘယ်မှာ အလုပ် လုပ်တယ်ဆိုတာ သိပ်မပြောဘူး။ ဒီက လူတွေနဲ့ ကျပြန်တော့ အကွာကြီး ကွာပြန်ရော။ တနေ့မှာ သူငယ်ချင်း တယောက် သူ့ သမီးလေးနဲ့ လာလည်တယ်။ သမီးလေးက ၄နှစ် ရှိပြီ။ ကြည့်ပါဦး သူ့ နံမည် ရေးထားတယ် ဆိုလို့ အဟုတ် မှတ်ပြီး ကြည့်လိုက်တာ ဟိုခြစ် ဒီခြစ် လျှောက်ခြစ် ထားတာ တွေ့လို့ နားမလည်တဲ့ ကိုယ်က ဟင် ဘာတွေလဲ ပေါ့ စာ တလုံးတောင် မရေးထား ပါလားလို့ ပြောမိတယ်။ သူငယ်ချင်းက ကိုယ့်ကို မျက်လုံး ပြူးကြည့်ပြီး သူ့ သမီး ကိုတော့ တော်လိုက်တဲ့ သမီးလေး သူ့ နံမည်လေး ရေးထားတာများ ဖြောင့်လို့ တဲ့။ ကိုယ်လည်း ဘာပြော ရမှန်း မသိဘူး။ အမေ့ အချီးမွမ်း သိပ် မကြားဖူး ခဲ့တဲ့ ကိုယ်က သူများကို ချီးမွမ်း ဖို့လည်း မမြန်ခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အားနည်းတာလည်း အခုထိပဲ။ အခုတော့ သူတပါးကို ချီးမွမ်းဖို့ နှုတ် မနှေးအောင် အထူး ဂရုစိုက်တယ်။ အလုပ်ထဲမှာ ပိုလုပ်ဖြစ်တယ်။ ဒီက ကလေးတွေ ရဲတာ နှုတ်မနှေးတာ ငယ်ငယ်က မိဘရဲ့ အချီးမွမ်း ခံရမှုတွေ များလို့လားလို့ တွေးမိတယ်။

ရန်ကုန် မှာနေတုန်းက ထမင်း ဖိတ်ကျွေးရင် အသီးအနှံ စားစရာ တခုခု ယူသွားပြီး ဧည့်သည် လုပ်တာပဲ။ စားပြီး သောက်ပြီး မပြန်ခင် ကျေးဇူး တင်ကြောင်း စားလို့ ကောင်းကြောင်းတွေ ပြောတယ်၊ ကိုယ် ပြန်ကျွေးဖို့ တတ်နိုင်ရင် တလှည့် ပြန်ဖိတ်လိုက်တယ်။ အခု ရောက်နေတဲ့ နေရာ မှာတော့ ဧည့်သည် လုပ်သူက အိမ်ရှင်ဆီကို နောက် တနေ့မှာ ကဒ် ကလေး ပို့ပြီး ကျေးဇူး တင်ကြောင်း၊ ဘယ်လောက် စားလို့ ကောင်းတဲ့ အကြောင်း ထပ်ဆောင်း ပြောတတ် ကြတယ်။ မိန်းမတွေ လုပ်တာ ပိုများတယ် ထင်တာပဲ။ မိန်းမ ကရေးပြီး နှစ်ယောက်လုံး နံမည် တပ်လိုက်တာ နေမှာ ပေါ့လေ။ ကြားထဲမှာ တခု ဖြတ် ပြောချင်တာက ပထမဆုံး ဧည့်သည် သွားလုပ်ဖို့ အကြောင်း ဖန်လာတော့ ဘာ လက်ဆောင် ယူသွားရမလဲ မသိတာနဲ့ အိမ်ရှင်ကို အကြံ တောင်းမိတယ်။ စေ့စပ်တဲ့ အိမ်ရှင်က အကြံ ၂ခု ပေးတယ်၊ အိမ်မှာ ရှိတဲ့ ပန်းအိုး တအိုး မ သွားတဲ့၊ မဟုတ်ရင်တော့ after dinner mint chocolate တဗူး ၀ယ်သွားတဲ့။ ပန်းအိုးကြီး မယူချင်တာနဲ့ ချောကလက် ၀ယ်ဖို့ သွားတော့ ၉၉ပြားတန် ဖြစ်နေတယ်။ အဲ့ဒီကတည်းက လက်ဆောင်ပေးဖို့ သူ့ဆီ အကြံ မတောင်း တော့ဘူး။

လုပ်နေကျကတော့ မင်္ဂလာဆောင်တို့ မွေးနေ့ ပါတီတို့ ဖိတ်လို့ သွားနိုင်ရင် သွားလိုက်တယ်၊ မသွား နိုင်ရင်တော့ ဖုန်း ဆက်ပြီး ပြောဖြစ်တာလည်း ရှိ မပြောတာလည်း ရှိပေါ့။ ဒီမှာတော့ သူတို့က ဖိတ်စာ ရရင် ကဒ် ကလေးနဲ့ အကြောင်းပြန် ကြတယ်။ ဆိုင်တွေမှာ အသင့် ၀ယ်လို့ ရတယ်။ သွားမယ်ဆို လက်ခံတဲ့ ကဒ်လေး (acceptance card) မသွား ဖြစ်ရင်တော့ (regret card) လေး ပို့ကြတယ်။ ဖိတ်တဲ့ သူ အတွက်တော့ အစား အသောက်နဲ့ နေရာထိုင်ခင်း စီစဉ်ဖို့ အသုံးဝင်တာပေါ့။ အလုပ်ထဲက တယောက် မင်္ဂလာဆောင် ဖိတ်တော့ မြန်မာ ပီပီ မင်္ဂလာဆောင်မှာ အစား ကောင်းကောင်း စားရမယ် ထင်ပြီး သွားတာ ပေါင်မုန့် အသားညှပ်နဲ့ တိုးတယ်။ ၀ိုင်လည်း ၀ယ်သောက် ရတယ်။ အချိုရည် ကိုတော့ ဘားမှာ ချထား ပေးတယ်။ အဲ့ဒီ ကတည်းက မင်္ဂလာဆောင် ဖိတ်ရင် အိမ်မှာ အ၀ စားပြီးမှပဲ သွားတော့တယ်။

Wednesday, 5 August 2009

ခုတလော

မနော် tag လို့ ရေးပါတယ်။ ရေးစရာ တခု ရသွားလို့ အတော်ပါပဲ။

ခုတလော


တွေးနေမိတာက

ဘ၀ = ရုန်းကန်ခြင်း

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ကိုယ်ခန္ဓာ အချိုးအစား မညီမျှတော့ဘူး

ကျန်းမာရေး
သွားတချောင်း ပြောင်းပြန် ပေါက်နေတယ် ထင်တာပဲ (နဲနဲနာတယ်)

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဟိုတအုပ် ဒီတအုပ်နဲ့။ အသစ်တွေကလည်း ထွက်လိုက်တာ

ရောက်နေဖြစ်တာက
ဘလော့ရွာ

ရေးဖြစ်နေတာက
စာစီစာကုံး

နားထောင်ဖြစ်နေတာက
ထူးအိမ်သင် (ဘုရားသခင် ဘာလို့များ သူ့ကို စောစော ခေါ်သွားတာလဲ)

ရွတ်နေမိတဲ့ကဗျာက

The Brook

ဖြစ်ချင်နေတာက
မသင်ရဘဲ ရေကူးတတ်တဲ့ ငါး

စားဖြစ်နေတတ်တာက
သိပ်မ၀ါးရတဲ့ ခပ်ပျော့ပျော့ အစာတွေပေါ့

သနားနေမိတာက
ဘာလို့ သူ့ကို ထားခဲ့ကြ တာလဲလို့ မေးတဲ့ တဦးတည်းသော တူမလေး

လွမ်းနေမိတာက

တဦးတည်းသော တူမလေးနဲ့ ဆော့ကစားခဲ့တဲ့ အချိန်တွေ

မေ့လျော့ပစ်နေမိတာက
ခေါင်းပုံဖြတ်သူ လူတစု

ခါးသက်နေမိတာက
ကိုယ် တထွာဆို သူ တတောင် လိုက်ရွေ့တဲ့ မှတ်တိုင် (ပန်းတိုင်)

တမ်းတနေမိတာက
အပူအပင်ကင်းတဲ့ ကလေးလေးဘဝ

ကြိတ်ပြီးချီးကျူးနေမိတာက
ဝမရှိဘဲ ၀ိလုပ်ဖို့ သတ္တိရှိသူ

ဆန္ဒမရှိတဲ့နေရာ
စိတ် ကျဉ်းကျပ် ရတဲ့ နေရာ

ဆန္ဒရှိနေတဲ့ကိစ္စ
ပို့စ်တွေ တခုပြီးတခု ရေးချင်ပါတယ်

မုန်းတီးနေမိတာက
ပါဝါပြသူတွေ (အနားမှာ တပုံကြီး ရှိတယ် သိလား)

ချစ်နေတာက
ပန်းကလေးတွေ

စိတ်ပျက်နေမိတာက
ခံယူချက်ချင်း မတူသူတွေရဲ့ ယုံကြည်ချက်တွေ

စွဲလန်းနေမိတာက
မုန့်ဟင်းခါးလေ ဘယ်နေရာ ရောက်ရောက် သတိရတာ

လိုအပ်နေတာက
ကိုယ်ပိုင် နေရာ တခု

တောင်းနေမိတဲ့ဆု
တောင်းတိုင်းပေးနိုင်ရပါလို၏

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဘာကြောင့်??????

ဝန်ခံချင်တာက
အင်္ကျီတွေ လျှော်လို့ ကျုံ့သွားတာ မဟုတ်ပါဘူး

ထပ် မတက်ဂ်တော့ပါဘူး။ ရေးတာ နောက်ကျနေပြီဆိုတော့ ကိုယ်တက်ဂ်ချင်တဲ့သူတွေ သူများ တက်ဂ်ထားလောက်ပြီထင်ပါတယ်။