Thursday, 6 August 2009

ကွဲပြားခြားနား ဓလေ့များ

ကြုံဖူးတဲ့ ကိုယ့် တိုင်းပြည်က ဓလေ့ ထုံးစံတွေနဲ့ ကွဲပြားတဲ့ သူတို့ရဲ့ ဓလေ့တွေကို မှတ်မိ သလောက် ရေးထားတာ။ အခု ထက်ထိ တခုပြီး တခု သင်ယူ မှတ်သား နေရတုန်းပဲ။ တချို့ကတော့ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင် မိသားစုနဲ့ ဆိုင်တယ်၊ တချို့ကျတော့လည်း ဒေသအလိုက် ကွဲတဲ့ ဓလေ့။ ဘာပဲဖြစ်ဖြစ် ရေကြည်ရာ မြက်နုရာ နေထိုင် သွားလာ နေရတဲ့ ခေတ်ကြီးမှာ တခြား လူမျိုးတွေရဲ့ ဓလေ့ ထုံးစံတွေကို လေ့လာခွင့်ရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

အရင်က လက်ဆောင် ရရင် ကျေးဇူး တင်ပါတယ် လို့ ပြောပြီး လက်ဆောင်ကို အသာ အယာလေး သိမ်းထားလိုက်တယ်။ အိမ် ရောက်မှ ဖြစ်ဖြစ် ပေးတဲ့လူ ပြန်သွားမှ ပဲ ဖြစ်ဖြစ် လက်ဆောင်ကို ဖွင့်ကြည့်တယ်။ နိုင်ငံရပ်ခြားကို ရောက်တော့ ဒီ အကျင့် လေးလည်း ပါလာတာပေါ့။ ဒါပေမယ့် သူတို့က ကိုယ့်လို မဟုတ်ပါ။ လက်ဆောင်ရတာနဲ့ ၀မ်းသာတဲ့ မျက်နှာနဲ့ လက်ဆောင်ထုပ်ကို ချက်ချင်း ဖွင့်ကြည့်ပြီး လက်ဆောင်က လှတဲ့ အကြောင်း သူ့အတွက် ဘယ်လို အသုံးဝင်မယ့် အကြောင်း စသဖြင့် ရွှန်းရွှန်းဝေအောင် ပြောတတ်ကြတယ်။ သူငယ်ချင်း တယောက်ဆို သူ့ကို ပေးတဲ့ hand lotion ကို ချက်ချင်း ဖေါက်ပြီး ကိုယ့်ရှေ့မှာပဲ သုံးလိုက်တယ်။ အနံ့လေးက ကောင်းလိုက်တာ သူ့အကြိုက်ပဲလို့လည်း ပြောသေးတယ်။ တကယ် ဟုတ် မဟုတ်တော့ သူပဲသိမယ်။ ပေးရတဲ့သူ ကတော့ စိတ်ချမ်းသာသွားတာ အမှန်ပဲ။

မှတ်မိသလောက် လူရှေ့မှာ တော်လိုက်တာ လိမ္မာလိုက်တာလို့ မိဘက ကိုယ်တို့ မောင်နှမတွေကို ချီးမွမ်းတာ မရှိခဲ့ဘူး။ တခြားသူက ချီးမွမ်းရင်တောင် အိမ်ကျယ်တွေပါ အတူနေမှ အကြောင်း သိမယ် စသဖြင့် နှိမ့်ချပြီး ပြောသေးတာ။ ကိုယ့် အမေဆို ကြွားတယ် ဖြစ်မှာစိုးလို့တဲ့ သူ့သမီး ဘယ်မှာ အလုပ် လုပ်တယ်ဆိုတာ သိပ်မပြောဘူး။ ဒီက လူတွေနဲ့ ကျပြန်တော့ အကွာကြီး ကွာပြန်ရော။ တနေ့မှာ သူငယ်ချင်း တယောက် သူ့ သမီးလေးနဲ့ လာလည်တယ်။ သမီးလေးက ၄နှစ် ရှိပြီ။ ကြည့်ပါဦး သူ့ နံမည် ရေးထားတယ် ဆိုလို့ အဟုတ် မှတ်ပြီး ကြည့်လိုက်တာ ဟိုခြစ် ဒီခြစ် လျှောက်ခြစ် ထားတာ တွေ့လို့ နားမလည်တဲ့ ကိုယ်က ဟင် ဘာတွေလဲ ပေါ့ စာ တလုံးတောင် မရေးထား ပါလားလို့ ပြောမိတယ်။ သူငယ်ချင်းက ကိုယ့်ကို မျက်လုံး ပြူးကြည့်ပြီး သူ့ သမီး ကိုတော့ တော်လိုက်တဲ့ သမီးလေး သူ့ နံမည်လေး ရေးထားတာများ ဖြောင့်လို့ တဲ့။ ကိုယ်လည်း ဘာပြော ရမှန်း မသိဘူး။ အမေ့ အချီးမွမ်း သိပ် မကြားဖူး ခဲ့တဲ့ ကိုယ်က သူများကို ချီးမွမ်း ဖို့လည်း မမြန်ခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အားနည်းတာလည်း အခုထိပဲ။ အခုတော့ သူတပါးကို ချီးမွမ်းဖို့ နှုတ် မနှေးအောင် အထူး ဂရုစိုက်တယ်။ အလုပ်ထဲမှာ ပိုလုပ်ဖြစ်တယ်။ ဒီက ကလေးတွေ ရဲတာ နှုတ်မနှေးတာ ငယ်ငယ်က မိဘရဲ့ အချီးမွမ်း ခံရမှုတွေ များလို့လားလို့ တွေးမိတယ်။

ရန်ကုန် မှာနေတုန်းက ထမင်း ဖိတ်ကျွေးရင် အသီးအနှံ စားစရာ တခုခု ယူသွားပြီး ဧည့်သည် လုပ်တာပဲ။ စားပြီး သောက်ပြီး မပြန်ခင် ကျေးဇူး တင်ကြောင်း စားလို့ ကောင်းကြောင်းတွေ ပြောတယ်၊ ကိုယ် ပြန်ကျွေးဖို့ တတ်နိုင်ရင် တလှည့် ပြန်ဖိတ်လိုက်တယ်။ အခု ရောက်နေတဲ့ နေရာ မှာတော့ ဧည့်သည် လုပ်သူက အိမ်ရှင်ဆီကို နောက် တနေ့မှာ ကဒ် ကလေး ပို့ပြီး ကျေးဇူး တင်ကြောင်း၊ ဘယ်လောက် စားလို့ ကောင်းတဲ့ အကြောင်း ထပ်ဆောင်း ပြောတတ် ကြတယ်။ မိန်းမတွေ လုပ်တာ ပိုများတယ် ထင်တာပဲ။ မိန်းမ ကရေးပြီး နှစ်ယောက်လုံး နံမည် တပ်လိုက်တာ နေမှာ ပေါ့လေ။ ကြားထဲမှာ တခု ဖြတ် ပြောချင်တာက ပထမဆုံး ဧည့်သည် သွားလုပ်ဖို့ အကြောင်း ဖန်လာတော့ ဘာ လက်ဆောင် ယူသွားရမလဲ မသိတာနဲ့ အိမ်ရှင်ကို အကြံ တောင်းမိတယ်။ စေ့စပ်တဲ့ အိမ်ရှင်က အကြံ ၂ခု ပေးတယ်၊ အိမ်မှာ ရှိတဲ့ ပန်းအိုး တအိုး မ သွားတဲ့၊ မဟုတ်ရင်တော့ after dinner mint chocolate တဗူး ၀ယ်သွားတဲ့။ ပန်းအိုးကြီး မယူချင်တာနဲ့ ချောကလက် ၀ယ်ဖို့ သွားတော့ ၉၉ပြားတန် ဖြစ်နေတယ်။ အဲ့ဒီကတည်းက လက်ဆောင်ပေးဖို့ သူ့ဆီ အကြံ မတောင်း တော့ဘူး။

လုပ်နေကျကတော့ မင်္ဂလာဆောင်တို့ မွေးနေ့ ပါတီတို့ ဖိတ်လို့ သွားနိုင်ရင် သွားလိုက်တယ်၊ မသွား နိုင်ရင်တော့ ဖုန်း ဆက်ပြီး ပြောဖြစ်တာလည်း ရှိ မပြောတာလည်း ရှိပေါ့။ ဒီမှာတော့ သူတို့က ဖိတ်စာ ရရင် ကဒ် ကလေးနဲ့ အကြောင်းပြန် ကြတယ်။ ဆိုင်တွေမှာ အသင့် ၀ယ်လို့ ရတယ်။ သွားမယ်ဆို လက်ခံတဲ့ ကဒ်လေး (acceptance card) မသွား ဖြစ်ရင်တော့ (regret card) လေး ပို့ကြတယ်။ ဖိတ်တဲ့ သူ အတွက်တော့ အစား အသောက်နဲ့ နေရာထိုင်ခင်း စီစဉ်ဖို့ အသုံးဝင်တာပေါ့။ အလုပ်ထဲက တယောက် မင်္ဂလာဆောင် ဖိတ်တော့ မြန်မာ ပီပီ မင်္ဂလာဆောင်မှာ အစား ကောင်းကောင်း စားရမယ် ထင်ပြီး သွားတာ ပေါင်မုန့် အသားညှပ်နဲ့ တိုးတယ်။ ၀ိုင်လည်း ၀ယ်သောက် ရတယ်။ အချိုရည် ကိုတော့ ဘားမှာ ချထား ပေးတယ်။ အဲ့ဒီ ကတည်းက မင်္ဂလာဆောင် ဖိတ်ရင် အိမ်မှာ အ၀ စားပြီးမှပဲ သွားတော့တယ်။

17 comments:

Moe Cho Thinn said...

သူ့ဓလေ့ ကိုယ့်ဓလေ့ မတူတာလေးတွေနော်။
ဖတ်လို့ကောင်းလိုက်တာ..ဆက်ရေးပါအုံး။
ဟုတ်တယ်နော်။ တချို့တွေများ အချိန်ပေးနိုင်ကြတယ်။ ပါတီပြီးတော့လဲ Thank you card ပို့ရတာနဲ့၊ စာရေးပြီး တဖွဲ့တနွဲ့ပြောရတာနဲ့။ လှလှပပလေး ဆက်ဆံတတ်ကြတယ်။
တို့တွေကတော့ အူလှိုက်သည်းလှိုက်သာ ထမင်းဟင်း ၀င်ချက် ကူညီ လုပ်ကိုင်ပေးလိုက်ချင်တာပဲ။ တကယ်လိုအပ်တာတွေကိုလေ။ ဒါမျိုးတွေ ရေးနေ ပို့နေဖို့ကိုတော့ မတွေးမိဘူး။

Moe Cho Thinn said...

မိဘတွေက ငယ်ငယ်တုန်းက လူရှေ့ သူရှေ့ ကိုယ့်ကို မချီးမွမ်းတာလဲ တူပါ့ မီယာ။
ဒါကြောင့်လဲ ကိုယ်ညံ့တယ်ချည်း စွဲနေတာ ဖြစ်မယ်။ တို့မှာတော့ လူတောကို မတိုးတော့ဘူး။ စာရေးတာသာ တယောက်တည်း ရေးနေရလို့ ထွက်တော့တာ။ ဒါတောင် ဘေးကနေ လာကြည့်နေရင် ရှက်ပြီး ဆက်ရေးမထွက်လို့ ခြင်ခြောက်သလို ခြောက်ထုတ်နေရတာ။

မွန် said...

မှန်လိုက်တာ မမရယ်
အတုယူသင့်တဲ့ အကျင့်လေးတွေဆို အတုယူဖို့ဝန်မလေးသင့်ဘူးလေ ငယ်ငယ်က အကျင့်က ချက်ချင်းအတုခိုးလိုက်ဖို့ ရှက်နေတာလဲပါသေးတယ် အဲဒါတွေတော့ အနောက်ဆိုင်းကကောင်းတာပါပဲလေ
ဆက်ပြီး တခြားကွာခြားချက်လေးတွေ ဖတ်ချင်သေးတယ်
မင်္ဂလာဆောင်ကတော့ ဘုန်းကြီးကျောင်းက မင်္ဂလာဆောင်အကြိုက်ဆုံးပဲမမ ဥပမာ သန္တိသုခပေါ့ အဝစားရလို့ ဟီး
ဘုရားကျောင်းမှာဆောင်တာလဲ ကရင်မုန့်ဟင်းခါးကျွေးတဲ့ကျောင်းရှိတယ် သိပ်စားကောင်းတာလို့ ခရစ်ယာန်သူငယ်ချင်းကပြောဖူးတယ် နွေပြန်ရင်တော့ သူတို့မင်္ဂလာဆောင်အဲဒီမှာလုပ်မယ်တဲ့ သွားချီးမြှင့်ဦးမှ မုန့်ဟင်းခါး ရှလွတ်
(မမချိုသင်းက ကောမန့်၂ခုတောင်ဦးထားတယ် ဟင့်)
ဒါနဲ့ ကိုကိုနိမမနိတို့ အသံဘာကြားသေးလဲဟင် လွမ်းလို့

မမိုး said...

တကယ်ကို အသုံးဝင်တဲ့ ပိုစ့်လေးပါ။ ကိုယ့်ကို အလုပ်ရှင်လင်မယားက ဖိတ်တုံးက ဒီလိုပိုစ့်လေး ဖတ်ထားရရင်သိတ်ကောင်းမှာပဲ။ ထားပါတော့လေ လွဲခဲ့ပြီးပြီ... ချီးမွမ်းစကားနဲ့ ပတ်သက်ပြီးရေးထားတာလဲ
ဒို့အဖြစ်နဲ့ သိတ်တူတာပဲ။ ချိုသင်းကလဲ တူကြောင်းရေးထားသေးတယ်..ကိုယ့်ဖာသာ စိတ်ဓါတ်ကျနေတာကြာပြီ ၊ အခုနောက်ပိုင်း ဘလော့ဂ်တွေလည် စာတွေဖတ်ပြီးမှသူများတွေလဲ
ကိုယ့်လိုအဖြစ်မျိုးတခါတလေ ရှိကြောင်းသိရတယ်။ တော်ပါသေးရဲ့လို့ တွေးမိပါရဲ့..နောက်ထပ်ဆက်ရေးပါဦးနော်...

Anonymous said...

တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းနော် အမမီယာ

Anonymous said...

ဒီမြို့ကလဲ အဆန်းပဲသိလား။ လက်ဆောင်ပေးရင်.. ၀ယ်ထားတဲ့ receiptပါပေးတတ်သေးတာ။ သဘောမကျရင် ပြန်လဲလို့ရအောင်တဲ့။
ကိုယ်တွေကတော့ price tagကပ်ထားတောင် ခွာပစ်တာ။
mm

PAUK said...

ကိုယ်ငယ်တုန်းကလဲ အိမ်မှာ ချီးမွမ်းမခံရဘူး။။
အခု ချန်းကိုလဲ မချီးမွမ်းတတ်ဘူး..။။
ကိုယ့်ဘေးက လူတွေကတော့ ကိုယ့်သားသမီးး
လက်မခံနိုင်တဲ့ အမှားတွေ ပြုလုပ်နေလဲ..
လူရှေ့ သူရှေ့မှာ ကိုယ့်သားသမီးကို ချီးမွမ်းနေလိုက်တာ..
ကိုယ်တောင် မျက်လုံးပြူးတယ်.။။
ဓလေ့ထုံးစံကတော့..လူမျိုးချင်းတူနေတော့
သိပ်မကွဲပြားပါဘူး..။။

MANORHARY said...

မီယာ့လိုပဲ ကိုယ်လည်း ချီးမွမ်းတာတစ်ခါမှ မခံခဲ့ရတဲ့အပြင် နှိမ်တောင်နှိမ်ခံရသေးတယ်
ကိုယ်မတော်လို့လားဆိုတော့လည်း ကိုယ့်သိသလောက်က
ကိုယ့်အတွက်ပဲမိဘတွေမျက်နှာရခဲ့တာချည်းပါပဲ
ဒီတော့ ရလာဒ်က ခုလိုပဲဒီနေ့ထိ ကိုယ့်ကိုယ်ကို ယုံကြည့်မှုက အပြည့်မရှိတော့တာပဲ။
ခုခေတ်ကလေးတွေ ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲ နေတာကိုတွေ့ရတော့လည်း ဘာပြောရမှန်းတောင်မသိ။
ဒီမှာကတော့ appreciate လုပ်တာက သိပ်များ နေသလိုခံစားရတယ်။ ဘာလေးပဲဖြစ်ဖြစ်ပေါ့။
နည်းနည်းတော့ မျှဖို့လိုတယ်လို့ထင်တယ်။
appreciate လုပ်ရမယ့်အခါကျလုပ်မယ်။ ညံ့ရင်လည်းညံ့သလို ပြောရလိမ့်မယ်လို့ထင်တယ်။ ကိုယ်ကတော့သားကိုလည်း အဲလိုပဲကျင့်သုံးတယ်။ ကိုယ့်လိုလည်း ယုံကြည်မှုမပြည့်တာမျိုးမဖြစ်စေချင် သလို over confidence တွေလည်းမဖြစ်စေ ချင်ဘူးလေ..

rose of sharon said...

ဖတ်လို့ကောင်းတယ်... မှတ်သားစရာတွေဘဲနော်...

ZT said...

မသိသေးတာတွေ သိလိုက်ရလို့ ကျေးဇူးပါ။ အခုတော့ ဒီမှာ မြန်မာမင်္ဂလာဆောင်တွေတောင်မှ RSVP တောင်းကုန် ကြပြီ။ :)

sonata-cantata said...

မီယာရေ...အမတို့က "ကိစ္စမရှိပါဘူး" ဆိုတဲ့ စကား အလွယ်တကူပဲ အလျဉ်းသင့်သလို ပြောတာပဲနော်...ယောက္ခမကြီးကလေ မကြိုက်ဘူးတော့...ကိစ္စဆိုတာ သူတို့နယ်မှာ အသုဘကိစ္စကိုသာ ပြောတာမလို့တဲ့။

ပန်းခရမ်းပြာ said...

ဒီမှာလည်း မင်္ဂလာဆောင် ဖိတ်ရင် လူအပို ခေါ်သွားလို့ မရဘူး။ ကိုယ့်နာမည်နဲ့ ထိုင်ရမဲ့ စားပွဲကို တခါတည်း စာရင်းလုပ်ထားတာ။ ဗမာပြည်မှာလို တယောက်ဖိတ်ရင် တအိမ်လုံးလာလို့ ရတယ်လို့ ထင်မိရင် မှားတော့တာပဲ။

ခင်မင်းဇော် said...

မီယာရေ... ဟိုရက်တွေက လာဖတ်ပေမယ့် မန့်ဖို့တောင် မအားလို့... ဟိ ဒီနေ့တော့ ကောမန့်တွေထဲ လာမန့်မယ်ဆိုတော့ ဘာမန့်ရမယ်မသိ။ ဒါပေမယ့် ကိုယ်မသိတာတွေ သိရတာတော့ ၀မ်းသာသပေါ့။ နိုင်ငံချင်းတောင်မဟုတ်ပါဘူးမီယာရယ်။ မြို့တမြို့နဲ့ တမြို့တောင် တချို့ ကိစ္စတွေမှာ အယူအဆမတူဘူး။ အဲတော့ မသီတာ ယောက်ခမကြီး ကြားရင် ပြောဦးမယ်။ ကိစ္စ မရှိပါဘူးနော် ။

Dr. Yi Yi Win said...

တို့ တော့ကလေးတွေကို ချော့ရ၊ ချောက်ရ၊ မြှောက်ရပါပဲ။ ဓလေ့တွေသိရလို့ ကျေးဇူးမီယာ။

khin oo may said...

ကိုယ့ိုကိုချောတယ်လို့ပြောရင် မြန်မာပြည်မှာဆိုရငှ်ရှက်စနိုးနဲ့ဟမ် မဟုတ်တာ လို့ပြောရ ပြီ။ နိုငှ်ုငံခြားမှာ ဆိုရင်တော့ ကျေးဇူးလို့ လှလှပပလေးပြုံးပြီးပြန်ြေ့ပာရသတဲ့

tg.nwai said...

တို့တွေလည်း အတူတူပါပဲ..မနော်ပြောတာကိုလည်း ထောက်ခံသွားပါတယ်...မင်္ဂလာဆောင်မှာ ၀ိုင်ဝယ်သောက်ရတယ်ဆိုတာကို အံ့သြသွားတယ်..မသိဘူးလေ.။ ကြုံရင် ဆက်ရေးဦးနော် မီယာ စိတ်ဝင်စားစရာကောင်းသလို သတိထားစရာတွေ စဉ်းစားစရာတွေရော ပေးလို့...

တန်ခူး said...

အမှန်ပဲညီမရေ… ခုနောက်ပိုင်းတော့ လက်ဆောင်ပေးရင် ဖွင့်ကြည့်တတ်တဲ့အကျင့်က အတော်အကျင့်ပါသွားပြီ…ကလေးတွေတီတီတာတာလုပ်ပြရင် သိပ်ချစ်စရာကောင်းတာပဲ သိပ်ချိုတာပဲဆိုတာမျိုးတွေလဲ အကျင့်ပါသွားတော့ အိမ်ပြန်ရင် အမေနဲ့ ညီမက အပိုစကားတွေ သိပ်ပြောတတ်လာတယ်တဲ့…ငယ်ငယ်တုန်းက အဖေနဲ့ အမေက ဧည့်သည်လာရင် သူတို့ သားသမီးမကောင်းကြောင်းတွေ ထိုင်ညည်းနေတတ်တာ…ဧည့်သည်တွေက အဲလောက်ကြီးမဆိုးပဲနဲ့  အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်ရင် သိပ်ခံပြင်းတာ…တချို့ တွေကျတော့ သူတို့ အိမ်သွားလည်ရင် သူတို့ သားသမီးတော်ကြောင်းပဲ ထိုင်ပြောတာ… အဲဒါအဖေနဲ့ အမေက အိမ်ရောက်ရင်ဆူရော…ဒီမှာတခုကြိုက်တာက ရုံးမှာပွဲရှိရင် အကြီးဆုံးအရာရှိကအစ ဂိမ်းထဲဝင်ကစားတတ်တာ…ကုလားထိုင်ကြီးပေါ်မိန့် မိန့် ကြီးထိုင်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့  ကြည့်နေတာမျိုးက ရှားတယ်… နောက်တခုက ဒီက တရုတ်မင်္ဂလာဆောင်ဆို သူတို့ တည်းတဲ့ဟော်တယ်ရဲ့ တစားပွဲပေါက်ဈေးအတိုင်း လက်ဖွဲ့ ရတဲ့အကျင့်…အမျိုးသားခေါ်သွားရင် နှစ်နဲ့ မြှောက်ရတယ်… တလထဲ ၃မင်္ဂလာဆောင်လောက်ဆို မွဲရော…