Friday, 27 February 2009

အစည်းအဝေး ရက်သတ္တပတ်

တနင်္လာ နေ့ထဲက စလိုက်တဲ့ အစည်း အဝေးတွေ တပတ်လုံးပဲ။ အတိုဆုံးက ၃နာရီ အရှည်ဆုံးက ၅နာရီ။ ပထမဆုံး လုပ်ရတာက ခေါင်းဆောင် စည်းဝေး။ ဆရာမကြီးက အရမ်း ကြောက်စရာ ကောင်းတဲ့ အကြောင်းပဲ ထပ်ခါ ထပ်ခါ ပြောနေလို့ ခေါင်းဆောင် တွေလည်း ထုံကုန်တယ်။ ကော်ဖီ သောက်တဲ့ အချိန် ရောက်တော့ တယောက်က ထောက်ပြတယ်။ ဆရာမကြီး အတော် ကြောက်နေ ရှာတာတဲ့။ ဒါနဲ့ မသိ ဟန်ဆောင် နေလိုက်တယ်။ ခေါင်းဆောင်တွေ ကစပြီး ကြောက်ပြ နေမှတော့ တခြားသူတွေ ဘယ်လို နေမလဲ စဉ်းစားသာ ကြည့်တော့။

ခေါင်းဆောင် စည်းဝေး ပြီးတော့ ကုမ္ပဏီ အစည်းအဝေး။ အရေးကြီးသည် လို့ ခေါင်းစဉ်တပ်ပြီး စည်းဝေး ဖိတ်တာကို မလာနိုင်ပါ လို့ နံရံ တစ်ချပ်ပဲ ခြားတဲ့ နေရာကနေ အီးမေးနဲ့ အကြောင်းပြန်တဲ့သူ တယောက် ကလွဲလျှင် အားလုံး လာမယ်လို့ ပြန်စာ ရတယ်။ အဲ့ဒီ တယောက်ကို ဆရာမကြီးက စည်းဝေးလည်း မလာနဲ့ စစ်ဆေးရေးဝင်တဲ့ အချိန်ကိုလည်း မလာနဲ့ ခွင့်ယူပါ လို့ အကြောင်းပြန်လိုက်တယ်။ ဒါတွေ အားလုံး အလုပ်ရှုပ်နေတာနဲ့ ဖြစ်ပြီးမှ သိလိုက်တယ်။ အဲ့ဒီ တယောက်ကို အလုပ်က ရပ်စဲဖို့ သဘောတူချက် လာတောင်းနေလို့ စဉ်းစားပါ့မယ် လို့ ပြောလိုက်တယ်။ ကံဆိုးချင်တော့ အဲ့ဒီ တယောက် က လောလောဆယ် အတိုင်လည်း ခံထားရတယ်။

ကုမ္ပဏီ အစည်းအဝေး ပြီးတော့ အတိုင်ခံ ရတဲ့ ကိစ္စ အတွက် အစည်းအဝေး ခေါ်ရတယ်။ အတိုင်ခံရတဲ့ သူက ဘာအတွက်လဲ မေးနေလို့ ဘာပြောရမလဲ မသိအောင် ကြောင်သွားတယ်။ နောက် သက်သေ နှစ်ယောက်ပါ ခေါ်၊ တိုင်စာကို ပရင့်ထုတ် ပြီး အားလုံးကို ပြလိုက်တယ်။ ရုံးမှာက အတိုင်ခံရလျှင် ပြဿနာကို ၁ပတ်အတွင်း တိုင်တဲ့ သူကို အကြောင်းပြန်ရတဲ့ ပေါ်လစီ ရှိတယ်။ ပထမတော့ သူက ငြင်းတယ်။ စာမေးပွဲ လာဖြေတဲ့ သူကို မခြေမငံ ဆက်ဆံလို့ အတိုင်ခံရတာ။ ဖြစ်တာကလည်း နင်ဘာလို့ ကွန်ပြူတာ မသုံးတတ်ဘဲ စာမေးပွဲ လာဖြေ ရတာလဲလို့ မေးရာက စတာ။ အချိန်ကုန် သက်သာအောင် ရှည်ရှည် ဝေးဝေး မပြောတော့ဘဲ ကိုယ်နဲ့ မဆိုင်တဲ့ မေးခွန်းမျိုးတွေ မမေးပါနဲ့၊ လူတွေ ကို ချိုချိုသာသာ စကားပြောပါ လို့ တိုက်တွန်းခဲ့တယ်။ ကိုယ့်အတွက်ကတော့ ရီပို့ရေးဖို့ရယ် တိုင်တဲ့ သူကို အကြောင်းပြန်ဖို့ရယ် အလုပ် နှစ်ခု ပိုသွားတယ်။

အတိုင်ခံရတဲ့ ကိစ္စ အစည်းအဝေး ပြီးတော့ စစ်ဆေးရေး အဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ ကုမ္ပဏီ ခေါင်းဆောင် တွေနဲ့ အစည်းအဝေး။ အားလုံးနဲ့ မိတ်ဆက် အပြီးမှာ ဆရာမကြီးက သူ့အကြောင်း စပြီးပြောပါတယ်။ နောက်ဆုံး လာစစ်သွားတဲ့ အဖွဲ့နဲ့ သူ ရန်ဖြစ်ရတဲ့ အကြောင်း၊ နောက်ဆုံး စိတ်ကျရောဂါ ဖြစ်ပြီး ဆရာဝန်နဲ့ ပြရတဲ့ အကြောင်း၊ ဒါကြောင့် သူ အရမ်း ကြောက်နေကြောင်း စသဖြင့် ပြောပါတယ်။ စစ်ဆေးရေး အဖွဲ့ရဲ့ ခေါင်းဆောင် ကလည်း သူနဲ့ မဆိုင်ပေမယ့် တောင်းပန်ပြီး ဒီတခေါက်တော့ အားလုံး ညှိနှိုင်းပြီး တိုင်တိုင် ပင်ပင် လုပ်မှာ ဖြစ်ကြောင်း၊ အပြန်အလှန် လေးစားမှုကို အရေးထားတဲ့ အကြောင်း ပြန်ပြောပါတယ်။ စိတ်ဝင်စား စရာကောင်းတာက grading ပေးတဲ့ အစည်းအဝေးတွေကို ဆက်သွယ်ရေး တာဝန်ခံ ပဲတက်ရမယ်လို့ လည်းပြောရော ဆရာမကြီးက ကိုယ့်ကို စိတ်မချတဲ့ မျက်နှာနဲ့ အမူအယာ ပြောင်းသွားတာ တွေ့လိုက်ရတာပဲ။

တယောက်ပြီး တယောက် အလ္လာပ သလ္လာပ ကိုယ့် ပညာရေးနဲ့ အလုပ် အကြောင်း ပြောကြတော့ စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင်က အလျင်က စိတ်ရောဂါ မှုခင်း ဆရာဝန်။ စိတ်ပြေ လက်ပျောက် ဖြစ်အောင် ဒီ အလုပ်ကို ပြောင်းလိုက်တာ ၇နှစ် ရှိပြီတဲ့။ ဒါနဲ့ စိတ်ရောဂါ ဝေဒနာသည်တွေ အကြောင်း ပြောကြ ပြန်တော့ Silence of the lamb ထဲက Jack Nicholson ရဲ့ ဇတ်ကောင် လို လူမျိုး ထောင်ထဲမှာ သူ တွေ့ဖူးတယ်တဲ့။ ကျောချမ်း စရာကြီး။

စိတ်တွေ မနဲ ထိန်းထားရတယ်။ အပေါ် အောက် အတွင်း အပြင် ယုံကြည်မှု ရဖို့ မလွယ်ဖူး ဆိုတာ သိတယ်။ ကိုယ့်အကျိုး အတွက် လုပ်နေတာ မဟုတ်ဘူး လို့ ပြန် စဉ်းစား မိပြန်တော့ မယုံကြည်နိုင်တဲ့ သူတွေကို စိတ်ပျက်မိတယ်။

Wednesday, 25 February 2009

V&A ဓါတ်ပုံများ

textiles display
stained glass
silver lions (ဒိန်းမတ်က နန်းတော်မှာ ရှိတဲ့ ပုံစံတူ လို့ ရေးထားတာပဲ)
ပန်းချီကားထဲက မိန်းကလေးက လှလို့... ဘယ် ပန်းချီဆရာလဲ မမှတ်ခဲ့ပါ
medieval ခေတ် အခန်းထဲက.. font ။ အခုခေတ် ဘုရားကျောင်း တွေထဲမှာ တွေ့ရတာ တွေနဲ့ တော့ မတူဘူး။
ဂျပန်ခန်းထဲက.. ဆီမီးတိုင် about 1877
သတို့သမီး ၀တ်စုံ.. ဒီဇိုင်နာ နံမည် မမှတ်မိပါ။



ကျန်တာထဲက တချို့ ထပ်တင်ထားတာပါ...

Monday, 23 February 2009

a visit to the V&A

ရာသီဥတု ကောင်းတာနဲ့ စနေနေ့က လျှောက်လည်ကြတယ်။ ဘယ်နေရာ သွားမယ်လို့ ရည်ရွယ်ချက် မရှိဘဲ ထွက်သွား ခဲ့ကြတာ။ မြို့ထဲ ရောက်တော့ တိုးရစ်တွေ စီးတဲ့ ကားနားသွားပြီး လည်စရာတွေ ပြထားတဲ့ စာစောင် တစ်ခု တောင်းလိုက်တယ်။ ပထမ ရွေးတာ Tate Modern တဲ့။ မျက်စိထဲမှာ မြင်တာက ရှုပ်ပွ ညစ်ပတ်နေတဲ့ မိန်းကလေး အိပ်ရာ။ နံမည်ကြီး ထရေစီ အန်မင်ရဲ့ အနုပညာကို ခံစား နိုင်လောက်အောင် ကိုယ် အရေမထူ သေးတာမို့ the Victoria and Albert ပြတိုက် သွားပါရစေ လို့ တောင်းဆို လိုက်တယ်။ ကံဆိုးချင်တော့ ရထား လိုင်းတချို့ မဆွဲဘူး။ ကံကောင်းချင်တော့ ပြတိုက်ကို တန်းတန်း မတ်မတ် ရောက်သွားတယ်။ သဘောကျ တာလေးတွေ ဓါတ်ပုံ ရိုက်လာပါတယ်။
ပန်းပုရုပ်တွေ ငေးရင်း အရမ်းလှတဲ့ အရုပ်ကလေး တစ်ရုပ်တွေ့လို့ နံမည် ကြည့်လိုက်တော့ ပန်ဒိုရာတဲ့...
မိန်းမပီပီ အ၀တ်အစားနဲ့ ဖက်ရှင်ကိုလည်း စိတ်ဝင်စားလို့ ၀င်ကြည့်တော့ ခေတ်အဆက်ဆက်က အ၀တ်အစား အသုံးအဆောင် တွေပြထားတယ်။ ပြခန်းအ၀က မှန်ဘီဒိုထဲမှာ အမြင်ဆန်းတဲ့ ဖိနပ်မျိုးစုံ တန်းစီပြီး ပြထားတယ်။ ကြိုက်တဲ့ အင်္ကျီလေး တစ်ထည်...
ဂျပန် ပြခန်းမှာ အင်ရို လေးတွေကို တန်းစီ ပြထားတာ တွေ့တော့ အခုရော ဂျပန်မှာ ဒါမျိုးလေးတွေ သုံးကြသေးလား လို့ တွေးမိတယ်...
ဒါကတော့ ကိုးရီးယားပြခန်းက... အိုးတွေ သဘောကျလို့
မြန်မာနိုင်ငံကလို့ ရေးပြထားလို့ ...
ဥရောပတိုက်က ကြေးနဲ့ သံထည် ရုပ်တုတွေ...
အ၀တ်စတွေကို မှန်ထဲမှာ အံဆွဲတွေထဲမှာ စနစ်တကျ သိမ်းပြီး ပြထားတယ်။ အံဆွဲတွေကို ကျေးဇူးပြု၍ ဖွင့်ကြည့်ပါ ဆိုတာကိုတော့ သဘော အကျဆုံးပဲ...
ဒီလောက်ပဲ တော်တော့မယ်။ ဓါတ်ပုံတွေ အများကြီး ရှိသေးတယ်။ နှစ်ယောက်သား ကြည့်လို့ မပြီးခဲ့ဘူး။ နောက်တခေါက် ပြန်သွားဖို့ နှစ်ဦးသဘောတူ ထားတယ်။

Friday, 20 February 2009

လမ်းပေါ်ကပန်း

အလုပ်သွားတဲ့ လမ်းမှာ ပန်းကလေးတွေ ပွင့်နေတာ တွေ့လို့ ၀မ်းသာအားရနဲ့ ဓါတ်ပုံ ရိုက်ထားလိုက်တာ။ ရာသီဥတု ဆိုးပြီး နှင်းတွေကျ ရေခဲတွေ ဖုံးနေခဲ့တာတောင် အားမလျော့ဘဲ ရှိသလောက်အားနဲ့ ပွင့်ကြတဲ့ ပန်းလေးတွေကို မြင်ရတာ အားရှိလိုက်တာ...
snowdrops တဲ့။ ဖြူဖြူ ဥလေးတွေ။ ကြည့်လိုက်လျှင် ဖျော့တော့တော့လေး။ နုနုလေး။ အပင်ကလည်း ပုပု နွဲ့နွဲ့လေး။ ရာသီဥတုဒဏ် ခံနိုင်မယ်လို့ မထင်စရာ ကောင်းလောက်အောင် သေးသေးလေးတွေ။ ဟိုနေရာ ဒီနေရာ အစုလိုက် ပွင့်နေကြပြီ။
အဖြူနဲ့ အ၀ါရောင် ပန်းလေးတွေရယ် အဖူးလေးတွေ ထွက်စပြုပြီဖြစ်တဲ့ သစ်ပင်တွေရယ် ကို ကြည့်ပြီး နောက် တရာသီ ပြောင်းကာနီးပါပြီလားလို့...

Wednesday, 18 February 2009

Inspection

တကယ်တော့ ရေးချင်စိတ် မရှိတဲ့ အကြောင်းပါ။ ဒါပေမယ့် မှတ်တမ်း တစ်ခု ရှိနေချင်တာနဲ့ အဖြစ်အပျက် အတွေ့အကြုံ တွေကို ရေးထားဖို့ ဆုံးဖြတ် လိုက်တာပါ။ အင်စပက်ရှင် လာမယ်လို့ ရုံးမှာ ဒီနေ့ အကြောင်းကြားစာ ရပါတယ်။ အကောင်း ပြောတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ တယောက်က အင်စပက်ရှင်ကြောင့် သူ စိတ်ကျ ရောဂါ ဆေးတွေ သောက်ရ တာပါပဲတဲ့။ နောက် တယောက်ကလည်း အင်စပက်ရှင် လာလျှင် အစားပျက် အအိပ်ပျက် စိတ်ဖိစီးမှုတွေ ရဖို့သာ ပြင်ပေတော့ တဲ့။ ဆရာမ တယောက်ကတော့ အလှည့်တွေ များတဲ့ မေးခွန်းတွေ ဖြေရတာ အိပ်မက်ထဲ အထိတောင် ပါတယ်တဲ့။

ကိုယ်က ဒီရုံး ရောက်ကတည်းက နှစ်စဉ် လုပ်တဲ့ စာရင်းစစ် တွေကိုပဲ ကြုံဖူးတာ။ ၄နှစ် တခါမှ လာတဲ့ အင်စပက်ရှင် ကို အခု နဖူးတွေ့ ဒူးတွေ့ ကြုံဖူးတော့မယ် ဆိုတော့ ကြောက်လည်းကြောက်၊ ထွက်ပြေးလို့လည်း မရမယ့် ကိစ္စမျိုးဆိုတော့ ဆုပ်လည်းစူး စားလည်းရူး ဘ၀ပေါ့။ ဘာမှန်းမသိဘဲ ပြီးခဲ့ရတဲ့ အင်စပက်ရှင်တွေနဲ့ အလျင် အလုပ်တွေမှာ ကြုံခဲ့ဖူးတယ်။ အခုဟာက ကြိုတင် အကြောင်းကြားပြီး ညွှန်ကြားချက်တွေလည်း စုံစုံလင်လင် ပေးထားတော့ လိုက်နာလို့ ရသေးတယ် လို့ ဖြေတွေးနေမိတယ်။

အင်စပက်ရှင် လုပ်မယ့် နည်းစနစ် တွေပါ ရေးပြထားတဲ့ သူတို့ရဲ့ ၀က်ဘ်ဆိုဒ် ကိုပါ ညွှန်းထားတယ်။ တွေ့သမျှ အသုံးဝင်မယ် ထင်တာတွေ ဒေါင်းလုပ် လုပ်ထား လိုက်တယ်။ တပတ်အတွင်း ပြန်ရမယ့် အကြောင်း ပြန်စာရယ်၊ ဒေတာ တွေရယ်ကို စစုနေရပြီ။ အင်စပက်ရှင်ကို ဘယ်လို ချောမွေ့အောင် ဖြတ်သန်းရမယ့် အကြောင်း သင်ပေးမယ့် သင်တန်းကို ကိုယ်နဲ့ အတူလိုက်တက်ဖို့ လူ ၄ယောက် ရွေးပြီး ဘွတ်ကင် တင်လိုက်တယ်။ အပိုလူ တစ်ယောက်ကို ၁၂၀ စီပေးရတယ်။ ကိုယ်တို့ရဲ့ အကြီးဆုံး ဆရာမကြီးကိုပါ ထည့်လိုက်တယ်၊ နောက် စီနီယာပိုင်းက လူ ၃ယောက်။ ရထားနဲ့ သွားလျှင် အသွားအပြန် တစ်ယောက် ၄၀ လောက်ကျမယ်ဆိုတော့ ကားတစ်စီးနဲ့ လူ ၅ယောက်သွားဖို့ စီစဉ်ရတယ်။

ကိုယ်တို့နဲ့ တွဲဖက် အလုပ်လုပ်ရတဲ့ အဖွဲ့အစည်းတွေကိုလည်း အကြောင်းကြားလိုက်ပြီး သက်ဆိုင်တဲ့ ဒေတာ တွေ ပို့ပေးဖို့ပါ တပါတည်း ပြောလိုက်တယ်။ တချို့က ချက်ချင်းပဲ ပြန်မေးတယ်။ ဘယ်နှစ်နှစ်စာ လိုချင်တာလဲ၊ ဘယ် အချက်အလက်တွေ လိုချင်တာလဲ ဆိုတော့ ကိုယ် ဖြည့်ရမယ့် ဇယားတွေ အတိုင်း ပြန်ပြောလိုက်တယ်။ အားလုံးကတော့ စိတ်မပူပါနဲ့ ငါတို့ ၀ိုင်းကူပါ့မယ် လို့ ပြောကြတယ်။ အရေးကြီးဆုံးကတော့ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ပါပဲ။ တစ်ဦး တစ်ယောက် ထဲ လုပ်လို့ရတဲ့ ကိစ္စမဟုတ်တာ အသေအချာပါပဲ။ အပေါ်ဆုံး က လူမှအစ အောက်ဆုံးက လူအထိ အယောက်တိုင်း ကိုယ်တတ်နိုင်တာကို တာဝန်ယူ လုပ်ချင်စိတ် ရှိအောင် အားပေးဖို့က ကိုယ့်အလုပ်လို့ သတ်မှတ်လိုက်တယ်။

Saturday, 14 February 2009

He's just not that into you

သောကြာနေ့က He's just not that into you သွားကြည့်ု ဖြစ်တယ်။ တရုံလုံး နီးပါး ဆယ်ကျော်သက် မိန်းကလေး တွေ များတယ်။ ဇာတ်ကားထဲက မင်းသမီး မင်းသား ချောချော တွေကို ကြည့်ရတာနဲ့တင် ပျော်စရာ ကောင်းနေပါတယ်။ ဇာတ်လမ်း အကြမ်းဖျင်းကတော့ ဂျီဂျီဆိုတဲ့ မိန်းကလေး ငယ်ငယ်တုန်းက သိထားတာက ယောကျာ်းလေး တစ်ယောက် ကိုယ့်ကို အရေးမထား မလေးမစား လုပ်နေလျှင် ကိုယ့်ကို စိတ်ဝင်စားလို့ပါပဲ တဲ့။ ဒီလိုနဲ့ပဲ ဒိတ် လုပ်တိုင်း သူ့ကို စိတ် မ၀င်စားတဲ့ ယောကျာ်း တွေနဲ့ပဲ တွေ့တယ်။ ဒိတ် လုပ်ပြီး ပြန်လာတိုင်း ဇာတ်လမ်း ဆက်ဖို့ သူ့ဆီိ ဖုန်း နဲ့ ဘယ်သူမှ ထပ် မဆက်သွယ် ကြဘူး။ သူငယ်ချင်း တချို့ကတော့ ကိုယ်ကစ ဆက်လိုက်ပေါ့ လို့ အကြံ ပေးကြတယ်။

တနေ့တော့ အဲလက်စ်ရဲ့ ဘားမှာ စိတ် ပျက်ပျက်နဲ့ လာထိုင်နေတဲ့ ဂျီဂျီ ကို အဲလက်စ်က ယောကျာ်း လေးတွေ မိန်းကလေး တစ်ယောက်ကို စိတ် ၀င်စားတဲ့ အခါ တွေ့ရတဲ့ အပြု အမူ လက္ခဏာတွေ အကြောင်း လက်ချာ ရိုက်လိုက်တယ်။ ဂျီဂျီလည်း အဲ့ဒီ အချိန်ကစပြီး အဲလက်စ်ကို ပုဏ္ဏတိုင် လုပ်ပြီး သူနဲ့ တွဲတဲ့ ယောကျာ်း လေးတွေ အကြောင်း အမြဲ ဖုန်းဆက်ပြီး ပြောပြတယ်။ ဂျီဂျီ အတွက် အဲလက်စ်ရဲ့ မှတ်ချက် တွေ ကတော့ အားတက် စရာ မရှိပါဘူး။ ဂျီဂျီ အတွက် ရှာပေး ထားတဲ့ ဒိတ်က ရောက်မလာလို့ အဲလက်စ် နဲ့ပဲ ထိုင်ပြီး စကားတွေ ဖေါင်ဖွဲ့ လိုက်ရတယ်။ နောက်တော့ ဂျီဂျီက အဲလက်စ်ရဲ့ အပြု အမူတွေကို ပြန် စဉ်းစား မိပြီး အဲလက်စ် သူ့အပေါ် မရိုးသား တော့ဘူးလို့ ကောက်ချက် ချလိုက်တယ်။ အဲလက်စ်ရဲ့ ပါတီမှာ သာမာန် မိတ်ဆွေတွေလို မနေဘဲ အလှုရှင် မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြလိုက်၊ နောက်ဆုံး အဲလက်စ်ကိုပါ ချစ်သူတွေ လို ပြုမူဆက်ဆံလာတဲ့ ဂျီဂျီကို အဲလက်စ်က စိတ်တိုသွားပြီး မောင်းထုတ်လိုက်တယ်။ ဂျီဂျီလည်း အဲလက်စ်ရဲ့ မျက်စိရှေ့က ပျောက်သွားတယ်။ ကြားနေကျ စကားသံတွေ မကြားရ မြင်နေကျ ဂျီဂျီ့ မျက်နှာလေးကို မမြင်ရတဲ့ အခါကျတော့မှ အဲလက်စ်တယောက် မနေတတ် မထိုင်တတ်တွေ ဖြစ်ပြီး ဂျီဂျီကို သူချစ်နေတာ သူ့ဘာသာ သိသွားတယ်။ ဂျီဂျီကို ဖုန်းဆက်တာ ဘာမှ ပြန်မလာတာနဲ့ ဂျီဂျီ ရှိရာကို အကြောင်းရှာပြီး လိုက်သွားတယ်။ အခုမှ ဒိတ် အသစ်နဲ့ ပြန်လာတဲ့ ဂျီဂျီကို အခန်းဝမှာ သွားတွေ့တယ်။

ဂျီဂျီ (Ginnifer Goodwin) နဲ့ အဲလက်စ် (Justin Long) အပြင် တခြားစုံတွဲတွေလည်း ပါသေးတယ်။ ကိုယ်ချစ်တွေ ရှာမိကြတဲ့ ကော်နာ (Kevin Connolly) နဲ့ အဲန်နာ (Scarlet Johanson) ၊ ဂျီဂျီလိုပဲ အချစ်စစ် မတွေ့နိုင်တဲ့ မေရီ (Drew Berrymore)၊ လက်ထပ်ခြင်းကို မယုံကြည်တဲ့ နီးလ် (Ben Affleck) နဲ့ သူ့ ချစ်သူ ဘက်သ် (Jennifer Aniston)၊ မိန်းမ (Jennifer Connelly) ရှိလျက်နဲ့ အခြား မိန်းကလေး တစ်ယောက်ကို ရင်ခုန်မိလို့ ဗျာများရတဲ့ ဘဲန် (Bradley Cooper) တို့နဲ့ ကြည့်လို့ကောင်းအောင် ဇာတ်လမ်းဖွဲ့ထားတာပါ။

ရုပ်ရှင်ကြည့်ရင်း သူငယ်ချင်း တွေနဲ့ ပြောနေကြ စကားဝိုင်း တွေကို သတိရတယ်။ ဇာတ်လမ်းထဲက မိန်းမနဲ့ ယောကျာ်း အချစ်ကို အဓိပ္ပါယ် ဖော်တာခြင်း၊ အိမ်ထောင်ရေးကို စိတ်ကူးတာခြင်း မတူကြဘူး။ လက်မထပ်ရမချင်း စိတ်ချ လုံခြုံမှု မရှိဘူးလို့ မိန်းကလေးက ထင်သလို ယောကျာ်းကလည်း လက်ထပ်ပြီးတာနဲ့ ကိုယ့် လွတ်လပ်မှု ဆုံးရှုံးသွားမှာကို တွေးပူတယ်။ ချစ်သူတွေ မဖြစ်ခင်က ဖုန်းထဲက အသံလေး ကြားရဖို့ အရမ်း စဉ်းစား ချင့်ချိန်ရတယ်။ ချစ်သူတွေ ဖြစ်သွားပြီး မပိုင်ဆိုင် ရသေး ခင် အချိန် မှာတော့ အချစ်က မသေချာ မရေရာတဲ့ ပူပန် မှုတွေနဲ့ စိတ်ကို လှုပ်ရှား စေ ပြန်တယ်။

ဇာတ်ကား အမြည်း

Wednesday, 11 February 2009

ဖြေရခက်ကြီး

တချို့လူတွေ မေးတဲ့ မေးခွန်းက ဖြေရ မလွယ်တဲ့ အကြောင်း စဉ်းစားမိလို့ပါ။ ကိုယ် ကိုယ်တိုင် သူများ ဖြေရ ခက်မယ့် မေးခွန်းမျိုး များ မေးမိဖူးလားလို့ တွေးမိသေးတယ်။ သူငယ်ချင်း တစ်ယောက်ရဲ့ အမျိုးသားက အခုမှ ရောက်ဖူးတဲ့ အိမ်တစ်အိမ်ကို သဘောကျလို့ အိမ်ရှင်ကို ဒီအိမ် ဘယ်လောက်နဲ့ ၀ယ်တာလဲ လို့ မေးတာ ကြားဖူးတယ်။ ရန်ကုန် ပြန်လျှင် မလွတ်တမ်း အမေး ခံရတာကတော့ လခ ဘယ်လောက် ရသလဲ တဲ့။

ဖြေဖို့ အကျပ်အတည်း ဖြစ်နေလျှင် ရယ်ကျဲကျဲ လုပ်နေလိုက်တာပေါ့။ ဒါကို မေးတဲ့ သူက မရိပ်မိဘဲ ထပ်မေး နေလျှင်တော့ ခက်ပါတယ်။ သူငယ်ချင်း ရွယ်တူတွေ ဆိုလျှင်တော့ မဖြေနိုင်ပေါင် လို့ ခပ်ရွှန်းရွှန်းလေး ပြောလိုက်လို့ ရပေမယ့် လူကြီးတွေ မေးတာ ဆိုလျှင်တော့ ဘာဖြေရမလဲ မသိပါ။

သတိ ထားမိ သလောက် အနောက် တိုင်းသားတွေ ကတော့ ပုဂ္ဂိုလ်ရေး ဆန်တဲ့ မေးခွန်းတွေ မမေးပါ။ အရှေ့ တိုင်းသား များကတော့ ထူးထူးခြားခြား ရည်ရွယ်ချက် မရှိဘဲ အိမ်ထောင်ရှိလား ကလေး ဘယ်နှစ်ယောက်လဲ ကိုယ်ပိုင် အိမ် ကား ရှိလားစသဖြင့် တထိုင်တည်းနဲ့ ဘ၀ ဇာတ်ကြောင်း အစုံကို မေးတတ်ပါတယ်။

နောက် မေးခွန်း တစ်ခုကတော့ ဘာလို့ ချစ်တာလဲ တဲ့။ ချစ်လား လို့ မေးတာကို ဖြေရတာ မခက်ပေမယ့် ဘာလို့ ချစ်တာလဲ ဆိုတာ ကိုတော့ ဖြေရ ခက်တယ် လို့ ထင်တာပဲ။ ကိုယ့် အတွက် ပြောတာပါ။

Sunday, 8 February 2009

Pressure Cooker ဖွင့်ပွဲ


pressure cooker တစ်လုံး ခရစ်စမတ် လက်ဆောင် ရထားတယ်။ ငယ်ငယ်က အဘွားနဲ့ မီးဖိုချောင်ထဲ ဟင်းချက် နေရင်း အိုးကြီး လွင့်တက် သွားတာ မြင်ပြီး ကတည်းက မြေး အဘွား နှစ်ယောက်လုံး pressure cooker ဆို ဝေးဝေး ရှောင်ပဲ။ လက်ဆောင် ပေးတဲ့ ဆရာမ ကလည်း ညနေ ဟင်းချက် တတ်တဲ့ ကိုယ့် အကြောင်း သိလို့ အချိန်ကုန် သက်သာအောင် ဆိုပြီး ပေးတာ။ သုံးပြီလား မေးမေး နေတာ အတော် pressure ဖြစ်နေတယ်။ မနေ့ ကတော့ အဲ့ဒါ ရှင့် အတွက် ပရောဂျက်ပဲ... စာအုပ် ဖတ်ပြီး လုပ်... ဆိုတာနဲ့။ အားပေး တဲ့သူ ရှိတာနဲ့ သတ္တိတွေ ကောင်းပြီး pressure cooker ဖွင့်ပွဲ လုပ်လိုက်တယ်။

အိုး အသစ်နဲ့ ပါလာတဲ့ ပစ္စည်း အားလုံးကို သေချာ ဆေးပြီး စာအုပ်ထဲမှာ ပြထားတဲ့ အတိုင်း ပစ္စည်းတွေ ရဲ့ နံမည်ကို လိုက်မှတ် ပါတယ်။ အရေးကြီး တာကတော့ ရေနွေးငွေ့ ထွက်တဲ့ အပေါက်တွေ ပိတ် မနေဖို့ရယ် အိုး အဖုံးကို သေချာ ပိတ် တတ်ဖို့ ရယ်ပါပဲ။ လက်ဆောင်ရတဲ့ အိုးမှာ pressure indicator/safety lock ဆိုတာ လေးပါတော့ အတော်လေး စိတ်ထဲ လုံခြုံမှု ရှိတယ်။ အိုးကြီး လွင့်တက် မှာတော့ ကြောက် နေသေး တာပေါ့လေ။ စမ်းသပ်ဖို့ ချက်စရာကတော့ ကြက်သားနဲ့ အာလူး။

ဆီသပ်ပြီး နှပ်ထားတဲ့ အသားနဲ့ အာလူးကို တခါတည်း အိုး ထဲထည့်ပြီး အရောင် ရအောင် နည်းနည်း ကြော် ပေးလိုက်တယ်။ အိုးရဲ့ သုံးပုံနှစ်ပုံ ထက်ပိုပြီး မထည့်ရလို့ စာအုပ်မှာ ပြောထားလို့ သတိထားပြီး အာလူး လျှော့ထည့် လိုက်တယ်။ ရေကတော့ အချိန်နဲ့ လိုက်ပြီး ထည့်ရပါတယ်။ ကြက်သား ကီလိုဝက်ကို ချက်ဖို့ ၁၀မိနစ်လို့ ရေးထားတော့ ရေက ၃ခွက်တဲ့။ ထုံးစံအတိုင်း မှန်းရပြန်တာပေါ့။ ကြက်သားက ၇၅၀ g ဆိုတော့ ၁၅ မိနစ်ချက်ဖို့ မှန်းပြီး ရေကို ၃ခွက်ခွဲ ထည့်လိုက်တယ်။

အိုး အဖုံးပိတ် အလေးတုံးတင်ပြီး မီး အမြင့်ဆုံး နဲ့ထားလိုက်တယ်။ ရေနွေးငွေ့တွေ စထွက်လာတာနဲ့ ကိုယ်လည်း နည်းနည်း ပူလာတယ်။ စာအုပ် ထဲကအတိုင်း pressure indicator/safety lock ကလည်း အပေါ်ကို တက်လာတယ်။ အလေးတုံး ကလည်း ဖြည်းဖြည်းချင်း လည်လာတယ်။ ဒါဆို မီးလျှော့ လို့ရပြီ၊ အချိန်လည်း စမှတ်ရပြီ။ ၁၅ မိနစ်လည်း ပြည့်ရော မီးပိတ်ပြီး pressure release လုပ်ဖို့ ရေပိုက် အောက်မှာ ထားပြီး ရေ လောင်းချ လိုက်တယ်။ pressure indicator/safety lock လေး အောက်ကို ကျ သွားပြီ ဆိုတော့ ဖွင့်ဖို့ စိတ်ချ ရပါပြီ။ ဟင်း ကျက်တော့ ပလာတာကြော်၊ အချဉ်လုပ်၊ ကြက်သားနဲ့ ပလာတာ စားဖို့ အသင့် ဖြစ်ပါပြီ။



Friday, 6 February 2009

ပစ္စည်းအဟောင်းဈေးကွက်

သူများတွေ လှူတာကို ဆိုင်တင်ပြီး ပြန်ရောင်းတဲ့ charity shop တွေ အကြောင်း ဒီမှာ ရေးဖူး ပါတယ်။ ကျွန်မလည်း ရောက်စက ပစ္စည်း အဟောင်း ရောင်းဝယ်ရေး နဲ့ သိပ် မရင်းနှီး လှပါဘူး။ နောက်တော့လည်း ဒီဈေးကွက် အကြောင်း အတော်လေး စိတ်ပါ လာတာနဲ့ အခုဆို နည်းနည်း ပါးပါး တီးမိ ခေါက်မိ သလောက် ရှိနေပြီ။ charity shop တွေမှာ စုံစီနဖာ ကြိုက်တာ လေးတွေ တွေ့ရင် ၀ယ်တာပဲ။ စာအုပ်၊ စီဒီ နဲ့ အသုံးတည့်မယ့် ပစ္စည်းလေးတွေ၊ တူမလေး အတွက် ကလေး စာအုပ်တွေ ၀ယ်ဖြစ်တယ်။ ပစ္စည်း တန်ဖိုးက ၁၀ပြားကနေ စရှိပါတယ်။

သူငယ်ချင်း တယောက် ခေါ်သွားလို့ ရောက်သွားတဲ့ နောက် အဟောင်း ဈေးတန်း တခု ကတော့ ဥယျာဉ် ခြံမြေ ပစ္စည်းတွေနဲ့ ပေါင်းပြီး ဖွင့်ထားတာ။ ရောင်းတာကတော့ အစုံပဲ။ အရုပ်၊ စာအုပ်၊ ဓါတ်ပြား၊ ပန်းထိုးဇာ၊ အ၀တ်အစား၊ ပန်းကန် ခွက်ယောက်၊ လက်ဝတ်ရတနာ၊ ပရိဘောဂ ကြိုက်တာ ၀ယ်လို့ရတယ်။ ဈေးနှုန်း လေးတွေ ချိတ်ထားတယ်။ မှန်ဗီရိုထဲမှာ တချို့ကို ထည့်ထားတယ်။ ပန်းပင်၊ သစ်စေ့ နဲ့ ခြံသုံး ပစ္စည်းတွေ ၀ယ်ရင်း သွားငေးလို့ ရတယ်။ မောလာလျှင် ကော်ဖီ နဲ့ မုန့်လေး ထိုင်စားလို့ ရသေးတယ်။ ဒီလို ဆိုင်တွေကတော့ charity shop တွေထက် နည်းနည်း ဈေး ပိုကြီးတယ်။

village hall လို နေရာမျိုးမှာလည်း စိတ်ဝင်စား စရာ ပစ္စည်း အဟောင်း မျိုးစုံကို ရောင်းတာမျိုးလည်းရှိတယ်။ ၁၉၅၀ က ပိုက်ဆံအိတ် (အထဲမှာ မှန်လေးတစ်ချပ်တောင် ပါသေးတယ်) နောက် ရင်ထိုး၊ နားကပ်၊ မိန်းမ ပီပီ လှတာတွေ့ရင် မနေနိုင်ပါဘူး။ သူတို့ ကျတော့ ၀ယ်ပြီး ပြန်ရောင်း တာပါ။ အဟောင်းလို့ ပြောရောင်း ပေမယ့် ပုံစံ ပဲ ဟောင်းထား တာလည်း ဖြစ်နိုင်ပါတယ်။ တခါတလေ ၀င်ကြေးတောင်းတယ်။ ရှေးဟောင်း ပစ္စည်း မစစ်လည်း ကြိုက်တာ တွေ့လျှင်တော့ ၀ယ်ဖြစ်ပါတယ်။

အားလပ်ရက်မှာ လုပ်တတ်တဲ့ အဟောင်းပစ္စည်း ဈေးရောင်းပွဲ car boot sale မှာတော့ မိသားစု လိုက်လာပြီး သူတို့ အတွက် အသုံး မ၀င် တော့တာတွေ လာရောင်း လေ့ရှိတယ်။ ဈေးဆစ်လို့လည်း ရတယ်။ ပါသမျှ အကုန် ရောင်းမယ်လို့ စိတ် ပိုင်းဖြတ် ထားကြသူများမို့ ဈေးချို တတ်ပါတယ်။ ၀ါသနာ ပါသူများ ကတော့ ဒီလို ဈေးရောင်းပွဲ တွေကို ပုံမှန်သွားပြီး ပေါ ချောင် ကောင်း လေးတွေ လိုက်ဝယ်တတ်ပါတယ်။ ဈေးရောင်းသူ dealer တချို့ကလည်း car boot sale ကနေ ပစ္စည်းတွေ လိုက်ဝယ် ပြီးတော့ မှန်ဗီရို ထဲထည့်ပြီး ပြန်ရောင်း တာပေါ့။

ဒီလိုမျိုး ဈေးဆိုင်တွေ ကို လျှောက်သွား ကြည့်ရင်း တနေ့တော့ မျက်စိလည်ပြီး Portobello market ကို ရောက်သွား ပါလေရော။ သူတို့ရဲ့ အဟောင်းဈေးက မိုးပေါ်မှာ။ ၀ယ်သူ တွေကလည်း တခြား နိုင်ငံက လူတွေ များတယ်။ အသေးအမွှား ကနေ ပရိဘောဂ လက်ဝတ်ရတနာ အကုန်ရတယ်။ နားကပ်လေး တစ်ခု လှလို့ မေးကြည့်တာ ၃၅၀ တဲ့။ ပိုက်ဆံ အထပ်လိုက် ကိုင်ပြီး တိုးဝယ်နေတဲ့ သူတွေ လည်း ရှိသေးတယ်။
တီဗီမှာ ပုံမှန် လာတဲ့ Antique Roadshow အစီအစဉ် မှာတော့ ပစ္စည်းတွေရဲ့ တန်ဖိုးပါ ဖြတ်ပေးတဲ့ နားလည် တတ်ကျွမ်းတဲ့ သူတွေ ပါ လာလို့ လူတွေက ကိုယ့်ရှိသမျှ အဟောင်း တွေထဲက တန်ဖိုး ရှိမယ် ထင်တာလေးတွေ ယူသွားပြီး ပြကြတယ်။ car boot sale က ပြား ၅၀ လောက်နဲ့ ၀ယ်တာမျိုးက ၄၀၀ လောက် တန်နေတယ် လို့ ကြားလျှင် အာမေဍိတ် သံ အမျိုးစုံ ကြားရတယ်။ သူတို့ လူမျိုးကိုက အဟောင်းတွေ သိမ်းတာ ၀ါသနာ ပါတယ်လို့ ပြောရမယ်။ အဟောင်း ဈေးကွက်က ဒီလောက် ကျယ်ပြန့်တာပဲ ကြည့်လေ။ အိမ် အရှင်းသန်တဲ့ ကျွန်မ အခုတော့ အဟောင်းလေးတွေ တွေ့လျှင် တန်ဖိုးများ ရှိနေနိုင်မလား လို့ တွေးတတ်နေတယ်။

နှင်းအပြန်

ဒီနေ့ ရုံး နေ့ တ၀က်ပဲ တက်လိုက် ရတယ်။ အခွင့်ကောင်း ယူပြီး ဓါတ်ပုံ လိုက် ရိုက်ထားတာ။ လမ်းလျှောက် ရတာတော့ ပြဿနာ သိပ် မရှိ ပါဘူး။ ပလက်ဖောင်း ပေါ်က လျှောက်တာပဲလေ။အရွက်တွေ မရှိတော့တဲ့ သစ်ကိုင်းတွေ ပေါ်က နှင်း အကျန်တချို့...
လမ်းတွေက ရေခဲပြင်တွေ လို ဖြစ်သွားတော့ လမ်းလျှောက်လျှင် နှင်းတွေလို မွမွ လေး မဟုတ်ဘဲ ချောနေလို့ နည်းနည်း သတိထားရတယ်။
နှင်း ကျ ထား တုန်းက ဖွေးပြီး လှနေသလောက် နှင်းအပြန်မှာတော့ လမ်းဘေးမှာ အခုလို ညစ်ပတ်နေတာပဲ။
ရေခဲပြင် ဖြစ်နေတဲ့ လမ်းတစ်လမ်း

Thursday, 5 February 2009

နှင်း

နှင်းတွေ ထူတယ်ဆိုလို့ အမှတ်တရ ရိုက်ထားတာ... ကားတွေ သွားနေတဲ့ လမ်းမ ပေါ်မှာတော့ မရှိပါဘူး။ ချုံလေးတွေပေါ်မှာ နှင်းတွေ တင်နေတာ ခရစ်စမတ်ကဒ်ထဲကလိုပဲ။
နှင်းကျတဲ့ အထူ ၅လက်မလောက် ရှိတယ်လို့ ပြောတာပဲ။ ကွင်းပြင် ကွက်လပ်တွေ ကတော့ နှင်းတွေ နဲ့ ဖွေးနေတာပဲ။ ကြည့်ရတာ အတော်လေး လှတယ်။
ကလေးကျောင်း တချို့ပိတ်တယ်။ ရုံးပြေးမလားလို့ စဉ်းစားမိသေးတယ်။ နောက်တော့လည်း နှင်းတွေပေါ်မှာ လမ်းလျှောက်ရတာ ပျော်စရာ ကောင်းပါတယ် လို့ ကိုယ့်ကိုကိုယ် အားပေးပြီး ရုံးသွားတက်လိုက်တယ်။

Sunday, 1 February 2009

ebay ဈေးဝယ်သူ

သူငယ်ချင်းက အညွှန်းကောင်းတာနဲ့ ebay မှာ ဈေးဝယ် ဖြစ်တာပါ။ ဈေးမ၀ယ်ခင် account ဖွင့်ရပါတယ်။ ဈေး စ ၀ယ်တော့မယ် ဆိုပါစို့။ ၀ယ်ချင်တဲ့ ပစ္စည်းကို အတိအကျ သိလျှင်တော့ search မှာ ရိုက်ထဲ့ လိုက်ရုံပါပဲ။ မသိ လျှင်တော့ အမျိုး အစား အလိုက် ရှာလို့ ရပါတယ်။ ဥပမာ အမျိုးသမီး လက်ကိုင်အိတ်၊ မော်တော်ကား၊ ကလေး ဖိနပ်၊ မိုးကာ အင်္ကျီ စသဖြင့်ပါ။ ပိုက်ဆံ ချေဖို့ နည်းတွေ အမျိုးမျိုး ရှိတာမို့ ကိုယ် သုံးချင်တဲ့ နည်းရွေးပြီး ငွေချေ ရပါတယ်။ ebay မှာ အစုံ ရောင်း/၀ယ်လို့ ရတယ်လို့ ကြားဖူးတဲ့ အထဲမှာ ကျွတ်ကျွတ်အိတ် အရောင်း အ၀ယ် ဖြစ်တာရယ် ဘရစ်တနီစပီးယားရဲ့ ပီကေ ရောင်း တာ ရယ် ကိုယ့် မိန်းမကို လေလံ ပစ်တဲ့ ယောကျာ်း ရယ် ကတော့ မကြုံစဖူး ထူးတယ်လို့ ပြောရ မှာပါ။

ပထမဆုံး ebay မှာ ၀ယ်ဖြစ်တာကတော့ အနွေးအင်္ကျီပါ။ မထိ မကိုင်ရဘဲ မြင်ရတဲ့ အတိုင်း လှတယ် ထင်ပြီး ၀ယ်မိ တာပါ။ ရောက်လာတော့မှ အင်္ကျီက ၀တ်လျှင် ယားတဲ့ အမွှေးပွ မျိုး ဖြစ်နေတယ်။ တချို့ ပစ္စည်း တွေက ရောင်းဈေး တခါတည်း သတ်မှတ် ထားပြီး ဖြစ်သလို တချို့ကတော့ လေလံ ပစ်ရတာပါ။ ကိုယ် ပေးနိုင်တဲ့ အမြင့်ဆုံး ဈေးကို ရိုက်ထဲ့ ထားလိုက် ပါတယ်။ တခြား လေလံ ၀င်ဆွဲသူ မရှိလို့ ကတော့ ရောင်းသူရဲ့ အနည်းဆုံး ဈေးနှုန်းနဲ့ ပစ္စည်းကို ရပါတယ်။ အနွေးအင်္ကျီ ၀ယ်တုန်းက ကြမ်းခင်းဈေးက ၉၉ပြား။ ကိုယ်က ကြိုက်တော့ သူများဆီ ပါသွားမှာ စိုးလို့ ၁၀ ကျပ်နဲ့ ၁ ပြား ပေးထား လိုက်ပေမယ့် ၀ယ်သူက ကိုယ် တယောက်တည်း ရှိတာမို့ ၉၉ ပြားနဲ့ ရလိုက် ပါတယ်။

ဝယ်သူ တွေ များ နေလျှင် သတိ ထားပြီး ကိုယ် ပေးတဲ့ ဈေးက သူများထက် မနည်းအောင် ပေးရပါတယ်။ သူများတွေ ဘယ်လောက် ပေးထားလဲ ဆိုတာ မသိ နိုင်တာမို့ ကိုယ် သိပ် လိုချင်တဲ့ ပစ္စည်း ဆိုလျှင်တော့ တတ်နိုင် သလောက် အများဆုံး ဈေး မှန်းပြီး ပေးထား လိုက်ပါတယ်။ တခါက စီတီဇင် နာရီ အဟောင်းတလုံး ၀ယ်ဖို့ ကြိုးစားတာ ပြား ၇၀ နဲ့ ကပ်ပြီး ရှုံးသွားလို့ မကျေ မချမ်းနိုင် ဖြစ်ရသေးတယ်။ နောက် ဖြစ်တတ်တဲ့ အန္တရာယ် ကတော့ လောဘ တက်ပြီး ဈေးပို ပေးမိ တာပါ။ မသမာတဲ့ ရောင်းသူ များလည်း ရှိတာမို့ ကိုယ့် စိတ်ကို နိုင်ဖို့ လိုပါတယ်။ ၀ယ်သူ အယောင်ဆောင် အိုင်ဒီ အမျိုးစုံနဲ့ လေလံပစ်သူတွေ များနေ သယောင် ဈေးပို ရအောင် လုပ်တတ်လို့ပါ။

ebay မှာ ဈေးဝယ် တာ လည်း အပြင် မှာလိုပဲ စိတ်ချ ရတဲ့ ဈေးသည် ဆီကပဲ ၀ယ်ချင် ပါတယ်။ ဒါကြောင့်လည်း ရောင်းသူရဲ့ positive feedback ဘယ်လောက် ရှိလဲ၊ ဘယ်နိုင်ငံ၊ မြို့ ကလဲ ဆိုတာ စစ်ဆေး ပြီးမှပဲ ၀ယ်ဖြစ်ပါတယ်။ တချို့ ကလည်း ပို့ခ ကို များများ ယူထား တတ်လို့ ကြမ်းခင်းဈေး က နည်းပေမယ့် ပို့ခနဲ့ ပေါင်းလိုက်လျှင် ဈေး များ သွား တတ်ပါတယ်။ ဖန်စီနားကပ် လိုဟာမျိုး ၀ယ်မယ်ဆို ပို့ခ ဘယ်လောက်လဲ လို့ သတိထား ကြည့်ရ ပါတယ်။ ၀ယ်သူထဲ မှာလည်း မရိုးသား တဲ့ သူတွေရှိလို့ ပိုက်ဆံကို တခါတည်း ချေဖို့၊ paypal နဲ့ပဲ လက်ခံတာတို့ လည်း ရှိတတ် ပါတယ်။ ၀ယ်သူ ကိုလည်း ရောင်းသူ တွေက feedback ပေးရ ပါတယ်။ နှစ်ဦးနှစ်ဘက် ကျေနပ်စေဖို့ ebay က ဒီလို စနစ်တွေ ထားတာ ဖြစ်မှာပါ။ ဓါတ်ပုံ ကြည့်ပြီး ၀ယ်ရတာမို့ မရှင်းတာရှိလျှင် ရောင်းသူကို အီးမေးလ် ပို့ပြီး မေးလို့ ရပါတယ်။ ရောက် လာ ပြီး မှ မကြိုက် လျှင်လည်း ပြန်ပေး လျှင် တချို့ ဈေးသည်တွေ က လက်ခံပါတယ်။ ပို့ခတော့ ကုန်မယ် ထင်တယ်။

ebay မှာ အဟောင်းရော အသစ်ပါ ရောင်းတာမို့ ကိုယ်ကြိုက်တာ ရွေးဝယ်ရုံပါပဲ။ လမ်းမလျှောက် ချင်တဲ့ သူတွေ အတွက် တထိုင်တည်းနဲ့ ကြိုက်တာ အမျိုးစုံ ၀ယ်လို့ ရပါတယ်။ နံမည်စုံ ဆိုဒ်စုံ အရောင်စုံ ရှိတဲ့ ပစ္စည်း ဈေးဆိုင်မှာ ခင်းထား သလိုပါပဲ။ ၀ယ်ထားပြီး ပစ္စည်း ရောက်မလာခင်တော့ နဲနဲ ပူပင် ရတာပေါ့။ ရောက်လာပြီး ကိုယ် မြင်ထား ထင်ထား သလို မဟုတ် ပြန်လျှင်လည်း စိတ်ရှုပ် အလုပ်ရှုပ် နိုင်ပါသေးတယ်။ လူတကိုယ် အကြိုက်တမျိုးပေါ့နော်။